Saturday, June 6, 2015

လွှတ်တော် နာယက၏ ခေါင်းပေါင်းချွတ်ရေးအဆို အမတ်များ အကျေအလည် ဆွေးနွေး

စိုးသန်းလင်း

လွှတ်တော် အစည်းအဝေးချိန်အတွင်း လေးနှစ်ကျော်စလုံး အမြဲဝတ်ဆင်ခဲ့ကြသည့် ခေါင်းပေါင်းများကို ရာသီဥတုအရ၊ ကျန်းမာရေးအရ ချွတ်ခွင့်ပြုသင့်သည်ဟူသော ပြည်ထောင်စုလွှတ်တော် နာယက၏ အဆိုကို အမတ်အချို့က ဝေဖန်ကန့်ကွက်ခဲ့သဖြင့် မြန်မာ့ဂုဏ်သိက္ခာကို ခေါင်းပေါင်းပေါင်းပြီး မြှင့်တင်မည် ဆိုခြင်းထက် တကယ့်စိတ်ဓာတ်၊ တကယ့်လုပ်ရပ်ဖြင့်သာ မြှင့်တင်ပေးကြဖို့ သူရဦးရွှေမန်းက လွှတ်တော်သို့ တိုက်တွန်း ပြောကြားသည်။

“ကျွန်တော် ထပ်လောင်း တင်ပြချင်တာက ခေါင်းပေါင်းတွေ ပေါင်းပြီး မြန်မာ့ဂုဏ်သိက္ခာကို မြှင့်တင် မယ်ဆိုတာ လေးစားပါတယ်။ ဒီထက်ပိုပြီး ကျွန်တော် တင်ပြချင်တာက ခေါင်းပေါင်းတွေ ပေါင်းပြီး မြန်မာ့ ဂုဏ်သိက္ခာကို မြှင့်တင်မယ်ဆိုတာထက် တကယ့်စိတ်ဓာတ်နဲ့  တကယ့်လုပ်ရပ်နဲ့ မြန်မာ့ဂုဏ်သိက္ခာကို မြှင့်တင် ပေးကြပါလို့ လွှတ်တော်ကို တိုက်တွန်းချင်ပါတယ်” ဟု လွှတ်တော် နာယက က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

“ရာသီဥတုကြောင့် သော်လည်းကောင်း၊ မိမိရဲ့ကျန်းမာရေးကြောင့်သော်လည်းကောင်း မိမိတို့ ဝတ်ဆင်ထားတဲ့ ခေါင်းပေါင်းများကြောင့် ချွေးထွက်လွန်ကဲခြင်းနှင့် အခြားကိစ္စများ ဖြစ်ပေါ်လာကြောင်း နာယကထံ သတင်းပို့ တင်ပြထားတာ ရှိပါတယ်။ ဒါကြောင့် ယခုလို လွှတ်တော် ကျင်းပပြုလုပ်တဲ့ အချိန်မှာ မိမိတို့ ဆောင်းထားတဲ့ ခေါင်းပေါင်းများကို ချွတ်ခွင့်ပြုဖို့ လွှတ်တော်ကို အသိပေး တင်ပြပါတယ်” ဟူသော အဆိုကို သူရဦးရွှေမန်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

၎င်း၏ အဆိုနှင့် ပတ်သက်ပြီး “ထိုနည်းတူစွာပဲ ညီညီညာညာဖြစ်အောင် လွှတ်တော်ခန်းမထဲ ၀င်လာတဲ့ အချိန်မှာ ခေါင်းပေါင်းနဲ့ ဝင်လာပြီးတော့ လွှတ်တော်ကျင်းပနေတဲ့ အချိန်မှာ အခုလို ရာသီဥတု ဒဏ်ကြောင့် ခေါင်းပေါင်းများ ချွတ်ထားမယ်ဆိုလည်း တညီတညာတည်း ဖြစ်နိုင်ပါတယ်။ ဒါကို လွှတ်တော် ကိုယ်စားလှယ်များရဲ့ဆန္ဒ ရယူဆောင်ရွက်သွားလိုပါတယ်။

လွှတ်တော်အစည်းအဝေးအတွက် တင်ပြ ဆွေးနွေးစရာ ရှိတဲ့အခါမှာ ခေါင်းပေါင်းကိုဆောင်း၊ ပြီးရင် ပြန်ချွတ်၊ အစည်းအဝေးခန်းက ပြန်ထွက်တဲ့အခါ ခေါင်းပေါင်းကို ပြန်ဝတ်ပြီး ပြန်လည်ထွက်ခွာတဲ့ နည်းလမ်းတွေလည်း တစ်ပါတည်း ပါဝင်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များ ဒါကို ဆုံးဖြတ်ပေးဖို့နဲ့ ကျွန်တော့်အတွက်ကတော့ ဒီနေ့ ခေါင်းပေါင်းကို ချွတ်ထားပေးဖို့ လွှတ်တော်ကို တင်ပြပါတယ်” ဟု ၎င်းက လွှတ်တော်သို့ ရှင်းပြခဲ့ရာ ပြည်ထောင်စု လွှတ်တော်အမတ်တို့ က ယခုကဲ့သို့ ဆွေးနွေးခဲ့ကြသည်။

သီပေါမြို့နယ်အမတ် ဦးရဲထွန်းက “ခေါင်းပေါင်းကိစ္စနဲ့ ပတ်သက်ပြီး အခုလို လွှတ်တော်ရဲ့ သဘောထားရယူ ဆောင်ရွက်မယ်ဆိုတဲ့ နာယကကြီးရဲ့ အဆိုပြုချက်ကို ထောက်ခံပါတယ်။ ခေါင်းပေါင်းဟာ တိုင်းရင်းသားတွေရဲ့ ရိုးရာဝတ်စားဆင်ယင်မှု ဖြစ်ပေမယ့် တချို့သော ပုဂ္ဂိုလ်များအတွက် ကျန်းမာရေးအရ တစ်ချိန်လုံး ဆောင်းထားဖို့ မသင့်တော်တာ ရှိပါတယ်” ဟု ထောက်ခံဆွေးနွေးခဲ့သည်။

အလုံမြို့ နယ် အမတ် ဦးခိုင်မောင်ရည်ကမူ “လွှတ်တော်ရဲ့ ဝတ်စားဆင်ယင်မှုဟာ စံပြဖြစ်ဖို့ လိုအပ်ပါ တယ်။ ခေါင်းပေါင်းချွတ်ခွင့် ပြုမယ်ဆိုရင် ချွတ်ခွင့်တောင်းတဲ့သူဟာ စစ်တပ်မှာလို ရှူးဖိနပ်ကို မစီးနိုင်တဲ့ အနာတရ ရှိနေတာမျိုးမှသာ ကျန်းမာရေးအရ သီးခြားခွင့်ပြုတာမျိုးပဲ ဖြစ်သင့်ပါတယ်။ လွှတ်တော်ထဲ အ၀င်နဲ့  အထွက်မှာ ခေါင်းပေါင်းဆောင်းထားပြီး အစည်းအဝေး ခန်းမထဲမှာ ချွတ်ထားတာထက် လွှတ်တော်ပြင်ပမှာပဲ ချွတ်ထားတာက ပိုအဓိပ္ပာယ်ရှိပါတယ်၊ လွှတ်တော်ထဲမှာ တာဝန်ရှိတဲ့ အချိန်မှာ တာဝန်ရှိတဲ့ ပုံစံနဲ့ပဲ ခေါင်းပေါင်းနဲ့ နေချင်ပါတယ်။ နှစ်ပေါင်းများစွာ ကျင့်သုံးလာတဲ့ နိုင်ငံရဲ့ ပြယုဂ်ကို အခုလို တစ်ရက်တည်းနဲ့ မကျင့်သုံးတာမျိုး၊ ဒီခေတ်မှာကျမှ ခေါင်းပေါင်းတွေ မသုံးတော့တာမျိုးလည်း မဖြစ်စေလိုပါဘူး” ဟု ဝေဖန်ထောက်ပြခဲ့သည်။

သို့ရာတွင် သူရဦးရွှေမန်းက “ဒီနေ့  ရာသီဥတုနဲ့ ကျန်းမာရေး အခြေအနေအရ ခေါင်းပေါင်းချွတ်ခွင့် ပေးဖို့ လွှတ်တော်ကို တင်ပြပါတယ်။ ဒါနဲ့ ပတ်သက်လို့ လွှတ်တော်က ကန့် ကွက်ရန်မရှိဘူးဆိုရင် ကျွန်တော် ခေါင်းပေါင်း ချွတ်ပါပြီ။ ကန့် ကွက်ရန် ရှိရင်လည်း ကျွန်တော် သက်ဆိုင်ရာ တင်ပြပြီးတော့ ဆေးလက်မှတ်နဲ့ပဲ တင်ပြပါမယ်” ဟု ပြောပြီးသည်နှင့် ၎င်း၏ ခေါင်းပေါင်းကို ချွတ်ပြီး စားပွဲပေါ်တွင် အသာချထားလိုက်သည်။

တစ်သီးပုဂ္ဂလအမတ် ဦးဖုန်းမြင့်အောင်က “ကျွန်တော်တို့ လွှတ်တော်သက်တမ်းက လေးနှစ်ပဲ ရှိပါ သေးတယ်။ တရားရုံးတွေမှာတော့ ခေါင်းပေါင်းသုံးစွဲတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ၊ တရားရုံးတွေမှာဆိုရင် တရားသူကြီး ၀င်လာတဲ့အခါ ရှေ့နေတွေက ခေါင်းပေါင်းတွေ ၀တ်ပြီး မတ်တတ်ထ ကြိုဆိုပါတယ်။ ပြန်ထိုင် တဲ့အခါ ချွတ်ထားပါတယ်၊ တရားသူကြီးကို တင်ပြတဲ့အခါ အဲဒီရှေ့ နေက ခေါင်းပေါင်းဝတ်ပြီး တင်ပြပါတယ်။ တင်ပြစရာ မရှိတဲ့ ရှေ့နေက ခေါင်းပေါင်းချွတ်ပြီး သက်သောင့်သက်သာ ထိုင်နေပါတယ်။ သက်သောင့် သက်သာ အနေအထားကြောင့် အကြံကောင်း ဉာဏ်ကောင်းများလည်း ရနိုင်ပါတယ်၊ ဒါကို ကျွန်တော်တို့  နမူနာ ယူသင့်ပါတယ်” ဟု အစည်းအဝေးခန်းမအတွင်း ခေါင်းပေါင်း ချွတ်နေထိုင်ခွင့်ကို ထောက်ခံ ဆွေးနွေးခဲ့သည်။

ကချင်တိုင်းရင်းသားအမတ် ဖြစ်သည့် အမျိုးသားလွှတ်တော်အမတ် ဦးဇုန်လှယ်ထန်းက “ခေါင်းပေါင်း ကိစ္စကိုတော့ လွတ်လပ်ခွင့်ပေးဖို့ တင်ပြချင်ပါတယ်၊ တင်းကျပ်တဲ့ စည်းကမ်းထားပြီး အမြဲတမ်း ၀တ်စုံပြည့်နေ ဖို့လည်း မဖြစ်သင့်သလို ဆောင်းသင့်ချိန်မှာ ဆောင်းပြီး ကျန်တဲ့အချိန်မှာ လွတ်လပ်စွာ လုပ်ခွင့်ပေးစေလို ပါတယ်” ဟု တင်ပြခဲ့သည်။

ဆွမ်ပရာဘွမ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်အမတ် ဦးခမိုင်မုန်ကွမ်ကမူ ၀တ်စုံပြည့်ဝတ်ခြင်းသည် လွှတ်တော်နှင့် လွှတ်တော် အကြီးအကဲတို့ကို လေးစားရာ ရောက်ကြောင်း၊ ကျန်းမာရေး မကောင်းသူများမှ လွဲပြီး ကျန်သူတို့ က ခေါင်းပေါင်းပေါင်းသင့်ကြောင်း ထောက်ပြဆွေးနွေးခဲ့သည်။

ပြည်သူ့ လွှတ်တော်အမတ် ဒေါက်တာ ဒေါ်အေးမြင့်က “ ဒါကို အမျိုးသမီး တစ်ယောက်အနေနဲ့  ပြောသင့် မပြောသင့် စဉ်းစားပါသေးတယ်။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့  တာဝန်ရှိသူတစ်ယောက်အနေနဲ့ ပြောတာပါ။ ခေါင်းပေါင်းဟာ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်တက်နေချိန်မှာ အစည်းအဝေးခန်းမထဲ ရှိနေချိန်မှာ အားလုံးတစ်ညီတည်း ခေါင်းပေါင်း ပေါင်းသင့်ပါတယ်၊ တိုင်းရင်းသားတွေကလည်း တိုင်းရင်းသားဝတ်စုံမှာပါတဲ့ ခေါင်းပေါင်းကို ဆောင်းသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဟာ လူလေးစားလောက်ဖွယ် အဆင့်အတန်းနဲ့ တိုင်းပြုပြည်ပြု လုပ်ငန်းတွေကို လုပ်နေသူတွေဆိုပြီး အများအမြင်မှာ တင့်တယ်ဖို့ လိုပါတယ်။ ခေါင်းပေါင်းဟာ အဆင့်အတန်းတစ်ခုကို ပြပါတယ်။ တိုင်းပြည်ကို တိုက်ရိုက်ထုတ်လွှင့်နေချိန်မှာ မြင်တဲ့သူတွေကလည်း ကျွန်မတို့ ကို အလိုလိုမှ မလေးစားကြရတဲ့ အထဲမှာ ဒီလိုမျိုး ချွတ်လိုက်ပေါင်းလိုက် မညီမညာ မဖြစ်သင့်ပါဘူး” ထောက်ပြဆွေးနွေးကာ အဆိုကို ကန့် ကွက်ခဲ့သည်။

ဆိပ်ကမ်းမြို့ နယ်အမတ် ဒေါက်တာနေလင်းကလည်း “လွှတ်တော်သက်တမ်း ငါးနှစ်မှာ လေးနှစ်လုံးလုံး ခေါင်းပေါင်းပေါင်းလာခဲ့ပြီး အခု ငါးနှစ်ကျမှ နာယကကြီးက ဒီ ISSUE ကို ထုတ်လာတဲ့အခါ ကျန်းမာရေးအရ ရာသီဥတု အကြောင်းပြချက်အရပေါ့။ ဘာပဲဖြစ်ဖြစ် ခေါင်းပေါင်းဟာ အမျိုးသားဝတ်စုံလည်း ဖြစ်သလို နိုင်ငံတော်ရဲ့ Image လည်း ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်။ ကျန်းမာရေး အရ ဆိုရင်လည်း ဒီအခန်းထဲမှာ ခေါင်းပေါင်းဆောင်းပြီး မူးမေ့လဲသွားတဲ့သူ ဒီအခန်းထဲမှာ မရှိသေးပါဘူး၊ ဒီအခန်းက တစ်ချိန်လုံး အဲကွန်းဖွင့်ထားလို့ ချွေးလည်း တစ်ခါမှ မထွက်ပါဘူး၊ ဒါကြောင့် နဂိုအစဉ်အလာကိုပဲ ဆက်လက် ထိန်းသိမ်းသင့်ပါတယ်” ဟု ကန့် ကွက်ခဲ့သည်။

သူရဦးရွှေမန်းက “ကောင်းပါပြီ၊ ဒီ Issue ဟာ ကျွန်တော့်ကြောင့် ဖြစ်ပေါ်လာရတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာလည်း ဒီခေါင်းပေါင်းကြီးပေါင်းထားတဲ့ အတွက်ကြောင့် ကျန်တဲ့လူတွေ အေးချင် အေးနေမယ်။ ကျွန်တော်က ခေါင်းက ချွေးတွေ တအားထွက်၊ ဒီကနေ ပြန်သွားတဲ့အခါ အင်္ကျီတွေလဲ၊ အခုလို ခေါင်းပေါင်း ချွတ်လိုက်တဲ့ အထိကိုပင် သက်သာသွားပေမယ့် ချွေးတွေက ဆက်ထွက်နေပါတယ်။ ခေါင်းပေါင်း ပေါင်းထား လို့ ကျန်းမာရေး ထိခိုက်တာတွေရှိနေပါတယ် အဲကွန်းအောက်မှာ ကျွန်တော်တို့  ထိုင်နေလို့  ချွေးမထွက်ဘူး ဆိုတာ -- ဒေါက်တာနေလင်း ဦးရွှေမန်းကို လာကြည့်ပါ။ သူ့ ရဲ့ တာဝန် နဲ့ သူ့ ရဲ့အနေအထားပေါ် မူတည်ပြီး မတူနိုင်ပါဘူး၊ ပြောတဲ့နေရာမှာ မျှမျှတတ စဉ်းစားဖို့ လိုပါတယ်။ ကျွန်တော်တစ်ယောက်တည်း ဒီအခွင့်အရေး ယူမိတာ ဖြစ်မှာစိုးလို့ လွှတ်တော်ကို တင်ပြခြင်း ဖြစ်ပါတယ်” ဟု တုံ့ ပြန် ပြောကြားခဲ့သည်။

ထို့ အပြင် လွှတ်တော်အစမှ ယခုလေးနှစ်ကျော်အထိ ၀တ်ဆင်ခဲ့သည့် ခေါင်းပေါင်းများကို ကျန်းမာရေးကြောင့်၊ အကြောင်း တစ်ခုခုကြောင့် တင်ပြလာလျှင် ခေါင်းပေါင်းချွတ်ခွင့်ပေးရန် လွှတ်တော်က သဘောတူပေး ဖို့ လိုကြောင်း၊ လက်ညှိုးထောင်ပြီး ချွတ်ခွင့်ပေးဖို့ ခွင့်တောင်းရင် ခွင့်ပြုသင့်ကြောင်း၊ ထိုအချက်ကို မဲခွဲ ဆုံးဖြတ်မည် မဟုတ်ကြောင်း လွှတ်တော်နာယကက ပြောခဲ့သည်။

No comments: