Tuesday, June 9, 2015

သရုပ်ဆောင် မင်းအုပ်စိုးအမှု စွဲချက်တင် အမိန့်ချရန် ဇွန် ၈ ရက်တွင် ရှေ့နေများ၏ လျှောက်လဲချက် ကြားနာမည်

ကျော်စိုးမိုး

လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး၏ အမှုကို စွဲချက်တင် အမိန့်ချမှတ်နိုင်ရန် ဇွန် ၈ ရက်တွင် နှစ်ဘက် ရှေ့နေများ၏ လျှောက်လဲချက်ကို ကြားနာမည်ဟု အနောက်ပိုင်းခရိုင်၊ တရားသူကြီး တွဲဘက်ခရိုင် တရားသူကြီး (၃) က ပြောသည်။

အမှုအတွက် ၁၄ ကြိမ်မြောက် ရုံးချိန်းအဖြစ် အခင်းဖြစ်ပွားစဉ်က မင်းအုပ်စိုး၏ လက်တွင် ရရှိခဲ့သော ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ မှုခင်းဆရာဝန်ကို ဇွန် ၁ ရက်က စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးရာ မှုခင်းဆရာဝန်က ၂၀၁၄၊ ဒီဇင်ဘာ ၂၅ ရက်၊ နံနက်ပိုင်းက ဗဟန်းမြို့မ ရဲစခန်းက ဒုရဲအုပ် အောင်မြင့်ဦးသည်တေးနုရင်ကို လက်သီးနှင့် ထိုးခဲ့စဉ်က သွားဖြင့် ခြစ်မိခဲ့သဖြင့် ကိုမင်းအုပ်စိုး၏ လက်တွင် ဒဏ်ရာရရှိခဲ့သည်ဟုဆိုပြီး ရန်ကုန်ဆေးရုံကြီးသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

ကိုမင်းအုပ်စိုး၏ ဘယ်ဘက်နှင့် ညာဘက်လက်ညှိုးတွင် သာမန်ပွန်းခြစ်ဒဏ်ရာ နှစ်ခု ရရှိထားပြီး တေးနုရင်ကို လက်သီးဖြင့် ထိုး၍ ဒဏ်ရာရရှိခဲ့ခြင်းဆိုသည်မှာ ဒုရဲအုပ် အောင်မြင့်ဦး ပြောသည့်အတိုင်း ထွက်ဆိုခဲ့ခြင်းဖြစ်ကာ လက်သီးနှင့် သွားကို ထိုးခဲ့မိခြင်းကြောင့် လက်တွင်ဒဏ်ရာရရှိပါက အထိုးခံခဲ့ရသည့် သွားတွင်လည်း ဒဏ်ရာရကောင်းရနိုင်ပါသည်ဟု ထွက်ဆိုခဲ့သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခွဲ ဝန်းကျင်က ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက်၊ ဖိုးစိန်လမ်းတွင်ရှိသည့် သရုပ်ဆောင် မင်းအုပ်စိုး၏ နေအိမ်တွင် သရပါမဂ္ဂဇင်း အယ်ဒီတာ မနုနုရင်(ခ)တေးနုရင်ကို လူမှုရေးကိစ္စ မေးမြန်းရာမှ မေးမရသဖြင့် မင်းအုပ်စိုး ထိုးကြိတ်ရိုက်နှက်ခဲ့ရာမှ မနုနုရင် သေဆုံးခဲ့၍ ဗဟန်းမြို့မ ရဲစခန်း ရဲအရာခံ လင်းထွဋ်က တရားလိုပြု တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

မနုနုရင်(ခ)တေးနုရင်သည် သရပါမဂ္ဂဇင်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၇ နှစ်ခန့် ရှိနေပြီဖြစ်ပြီး ၎င်းအလုပ်လုပ်သည့် သရပါမဂ္ဂဇင်းတိုက်သည် မင်းအုပ်စိုး၏ နေအိမ်ခြံဝင်းအတွင်းရှိကာ မဂ္ဂဇင်းဖောင်ပိတ် သည့်ရက်များတွင် တိုက်၌ပင် ညအိပ်လေ့ရှိသူ တစ်ဦး ဖြစ်သည်။

အဆိုပါအမှုကို ဗဟန်းမြို့မ ရဲစခန်းက (ပ) ၅၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး၊ အနောက်ပိုင်းခရိုင် တရားရုံး၊ တွဲဘက်ခရိုင်တရားသူကြီး (၃)က ပြစ်မှုကြီးပုဒ်မ ၇/၂၀၁၅ ဖြင့် လက်ခံစစ်ဆေးနေခြင်းဖြစ်ကာ လာမည့်ဇွန် ၈ ရက်တွင် သရုပ်ဆောင် မင်းအုပ်စိုးအား မည်သည့် ပုဒ်မဖြင့် စွဲချက်တင်ရမည်ကို အမိန့်ချမှတ်နိုင်ရန် ဇွန် ၈ ရက်တွင် နှစ်ဘက်ရှေ့နေများ၏ လျှောက်လဲချက်ကို ကြားနာမည် ဖြစ်သည်။

No comments: