စံမောင်သန်း
ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ သမ၀ါယမ အသင်းသူအသင်းသားများအတွက် ချေးငွေထုတ်ပေးခြင်းနှင့် လယ်သမားများအတွက် စက်မှုကရိယာများကို အရစ်ကျစနစ်ဖြင့် ရောင်းချရန် ထုတ်ပေးခြင်းအစီအစဉ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမ ခန်းမတွင် ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားအား ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား မြင့်တင်ရေး ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် ၁၆ မြို့နယ်ရှိ သမ၀ါယမ အသင်းပေါင်း ၅၁၉ သင်းမှ အသင်းသားဦးရေ ၂၀၅၄ ဦးအတွက် ကျပ် ၂၃၁၀.၃၉၅ သန်းထုတ်ချေးခဲ့သည်။
ယင်းအပြင် ရခိုင်ပြည်နယ် ၅ ခရိုင်အတွက် လယ်ယာသုံး ထွန်စက် ၂၈ စီး၊ လက်တွန်းထွန်စက် ၁၃၆ စီး၊ အပ်ချုပ်စက် ၅၉ လုံး၊ ဆိုင်ကယ် ၁၉၀ စီး၊ လုပ်ငန်းသုံးမော်တော်ယာဉ် ၂၁ စီး၊ စက်လှေ ၅ စီး၊ လှေ ၄၉ စီး၊
ငါးဖမ်းပိုက် ၃၆ ခု နှင့်အခြားစက်ပစ္စည်းကရိယာများအပါအ၀င် ၈၂၂.၀၅ ကျပ်သန်းတန်ဖိုးရှိ စုစုပေါင်း စက်ပစ္စည်းကရိယာ ၆၁၄ ခုကို ထုတ်ပေးခဲ့သည်ဟု သိရသည်။
“စစ်တွေမြို့ ကျွန်တော်လာလမ်းတစ်လျှောက်မှာ ရခိုင်ပြည်နယ်ရဲ့ တိုးတက်မှုပုံရိပ်တွေကို မြင်တွေ့ခဲ့ရတဲ့ အတွက် ၀မ်းသာအားရဖြစ်မိပါတယ်။ ဦးဥတ္တမခန်းမဟာ ဆိုရင်လည်း နိုင်ငံတကာအဆင့်မီ ခန်းမတစ်ခု ဖြစ်ပါတယ်” ဟု သမ၀ါယမအသင်း ဗဟိုဥက္ကဋ္ဌနှင့် CB ဘဏ်ဥက္ကဌ ဦးခင်မောင်အေးကပြောသည်။
မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲလာပြီးနောက် လူတန်းစား ကွာဟမှု ရှိလာပြီး ထိုလူတန်းစားကွာဟမှုကို ထိန်းညှိရန်နှင့် အောက်ခြေလူတန်းစားဘ၀ကို မြှင့်တင်ပေးရန် သမ၀ါယမ လုပ်ငန်းသည် စီးပွားရေးကဏ္ဍ၌ ဒုတိယမဏ္ဍိုဖြစ်သည်ဟု ဦးခင်မောင်အေးကပြောသည်။
ယခင်က သမ၀ါယမလုပ်ငန်းသည် ၀န်ထမ်းများ၏ အားနည်း ချွတ်ယွင်းချက်များနှင့်အတူ ၁၉၈၈ နောက်ပိုင်းတွင် မြောင်းထဲရောက်ခဲ့ရသည်ဟု ၄င်းကပြောသည်။
ယခုအခါ သမ၀ါယမ အသင်းသူအသင်းသားများကို အတိုနှုန်း ၁ကျပ် ၁၅ ပြားနှုန်းဖြင့် ထုတ်ချေးထားပြီး မြန်မာတစ်နိုင်ငံ သမ၀ါယမ အသင်းသူအသင်းသား ၃ သန်းခန့်ရှိသည်ဟု သိရသည်။
“ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ရခိုင်ပြည်နယ်ကို ရွှေချမယ်လို့ပြောတယ်။ ၀န်ကြီးချုပ်ရဲ့ ဦးဆောင်မှုအောက်မှာ ညီညီညွတ်ညွတ်နဲ့ လုပ်မယ်ဆိုရင် ရခိုင်ပြည်နယ်ကို ရွှေချနိုင်ရုံမက စိန်စီသောလမ်းဖြစ်လာနိုင်ပါတယ်”ဟု CBဘဏ်ဥက္ကဌကပြောသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် သမ၀ါယမပြည်ထောင်စု ဒုဝန်ကြီးတို့ ကလည်း အမှာစကားပြောကြားခဲ့သည်။
“သမ၀ါယမဌာနက အသင်းသူအသင်းသားများအတွက် ချေးငွေတွေကို အတိုးနှုန်းသက်သာစွာနဲ့ ထုတ်ချေးပေးခြင်း၊ လယ်ယာလုပ်ငန်းအတွက် စက်ကရိယာတွေကို အရစ်ကျ စနစ်နဲ့ ရောင်းချပေးခြင်းဟာ အခုလိုလုပ်သား ရှားနေတဲ့ ကာလမှာ တော်တော် အထောက်အကူဖြစ်ပါတယ်”ဟု ကျောက်တော်မြို့နယ်မှတက်ရောက်လာသူ ဦးမောင်သာကျော်ကလည်း လယ်သမားများကိုယ်စား ကျေးဇူးတင် စကားပြောကြားခဲ့သည်။
ယခုနှစ်လယ်သမားများအတွက် ဘဏ်ချေးငွေများ ပြေလည်မှုရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက အခမ်းအနားတွင် ပြောကြားသွားသည်။
အခမ်းအနားကို နံနက် ၉ နာရီခန့်တွင် စတင်ပြီး၊ ၁၀ နာရီခွဲခန့်တွင် ပြီးဆုံးခဲ့သည်။ အခမ်းအနားသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ၀န်ကြီးများ၊ သမ၀ါယမပြည်ထောင်စု ဒုဝန်ကြီး၊ သမ၀ါယမ ဗဟိုနှင့် CB ဘဏ်ဥက္ကဌ၊
ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များအပါအ၀င် ၈၀၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

No comments:
Post a Comment