မောင်သင်တုန်း
နိုင်ငံခြားမှ အသားများ တင်သွင်းမည်ဆိုလျှင် ပြည်တွင်း ပေါက်ဈေးထက် များစွာ သက်သာသည့်အတွက်
ပြည်တွင်း လုပ်ငန်းရှင်များ လုပ်ကိုင်လိုလျှင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ကူညီဆောင်ရွက်ပေးသွားမည်ဟု ညွှန်ကြားရေးမှူးချူပ် ဒေါက်တာ ရဲထွန်းဝင်းက ပြောသည်။
“ကိုယ်တို့ဆီက လူတွေ အသား မစားနိုင်ကြတာ နံပါတ်တစ် မဝယ်နိုင်လို့၊ ဈေးကြီးတယ်။ ဈေးကြီးတဲ့အတွက် ဈေးပေါဖို့ လိုတယ်။ ပြည်ပက သွင်းမယ်ဆိုရင် ကိုယ်တို့ ဒီမှာရှိတဲ့ ဈေးထက် သက်သာတယ်။ သူတို့က အသားအတွက် တင်သွင်းတာ၊ အသားအတွက် မွေးတာရှိတယ်။ ကိုယ်တို့တွေက မမွေးဘူး။ အခုတော့ ကြက်ပဲ မွေးတာ။ သူတို့ဆီမှာ ကျတော့ အသားအတွက်ကို သိန်းချီ မွေးတာ။ သွင်းမယ်ဆိုရင် ထုတ်လုပ်မှု ကုန်ကျစရိတ်က သက်သာတယ်။ သွင်းမယ့် ဈေးက ဒီက ပေါက်ဈေးထက် သက်သာတယ်” ဟု ဒေါက်တာ ရဲထွန်းဝင်းက ပြောသည်။
မွေးမြူးရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနတွင် ဇွန် ၁၃ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအပြီး၍ အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။ လက်ရှိတွင် အသားအနည်း ငယ်သာ တင်သွင်းမှုရှိပြီး စားသုံးမှုကို လေ့လာနိုင်ရန် အစားအသောက် စင်တာများ ဖွင့်သွားမည်ဟု ပြောသည်။
“ ပြည်သူတစ်ယောက်ဆိုရင် ၈၀၀ ကျပ်လောက်နဲ့ အသားလေးငါးတုံးနဲ့ ထမင်းတစ်နပ်စား လို့ရအောင် ဈေးအနည်းဆုံးနဲ့ ပြည်သူတွေ စားသုံးလို့ရအောင် လုပ်မယ်”ဟု ညွှန်ကြားရေးမှုးချုပ်က ဆက်ပြောသည်။
အသားတင်သွင်းမည်ဆိုလျှင် အေးခဲ သားများကို ဝယ်နိုင် ခြမ်းနိုင်မှသာလျှင် ပြည်သူလူထု များများစား နိုင်မည်ဟု ဆိုသည်။ ထို့ကြောင့် တင်သွင်းသူများသည် များများတင်သွင်းရန် လိုအပ်ပြီး အခက်အခဲ မရှိစေရန် ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးမည်ဟု ဆိုသည်။
“သွင်းမယ့်သူတွေ အနေနဲ့ လိုအပ်တာက ဘယ်လောက်သွင်းမယ်၊ ဘယ်လောက်ထိ သန့်ရှင်းတယ်၊ လျှောက်ပြီး ဘယ်နှရက်အတွင်း သွင်းပါ့မယ်ဆိုတဲ့ အာမခံချက်တွေတော့ ပါရမယ်” ဟု ဒေါက်တာ ရဲထွန်းဝင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄- ၁၅ ခုနှစ်အတွင်း ပုဂ္ဂလိကပိုင် မွေးမြူခဲ့သည့် နို့ပေး ကျွဲနွား အကောင်ရေမှာ ၁ ဒသမ ၉ သန်းတွင် နို့စားနွား အကောင်ရေ ၁ ဒသမ ၄ သန်းနှင့် နို့စားကျွဲ သုည ဒသမ ၅ သန်း ရှိသည်ဟု ဆိုသည်။ နွားနို့ထုတ်လုပ်နိုင်မှုမှာ ၂၀၁၄- ၁၅ ခုနှစ်တွင် ပိဿာချိန် ၁,၃၂၅ သန်း၊ အသား ထုတ်လုပ်မှုမှာ ပိဿာချိန် ၁,၆၈၅ သန်း ရှိသည်ဟုလည်း ဆိုသည်။
ဝန်ကြီးဌာနပိုင် ကျွဲနွား မွေးမြူခြင်း မရှိဘဲ မျိုးမြှင့်တင်ရေး လုပ်ငန်းအဖြစ် နွားမအကောင်ရေ တစ်ရာကို ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဖြန့်ဖြူးခြင်း၊ ပြည်သူလူထုနှင့် မွေးမြူရေး လုပ်ကိုင်မည့် သူများ လေ့လာနိုင်ရန် နေပြည်တော်တွင် စံပြ မွေးမြူရေးခြံ ပြုလုပ်ပြီး နွားအကောင်ရေ ၃၀ ခန့်ကို မွေးမြူထားသည်ဟု ဆက်ပြောသည်။
အသားကဏ္ဍအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်း၍ မြို့နယ်ဒေသအလိုက် ဆောင်ရွက်ပေး နေပြီး ဘတ်ဂျက်ရရှိမှုပေါ် မူတည်ကာ မွေးမြူရေးလုပ်ငန်းများကို ကူညီပေးလျက်ရှိသည်။ ဝန်ကြီးဌာနက လုပ်ကိုင်လျှင် အရှုံးပေါ်သည့်အတွက် လုပ်ကိုင်ခြင်း မပြုဟုလည်း ဆိုသည်။
No comments:
Post a Comment