DVB
စင်ကာပူနိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲရဲ့ အထူးချွန် အထင်ရှားဆုံး အားကစားသမား ၁၀ ဦးကို ဆီးဂိမ်းဝက်ဘ်ဆိုက်က ဂုဏ်ပြုရွေးချယ် ဖော်ပြရာမှာ ငွေတံဆိပ်ဆုရ မြန်မာယူ ၂၃ ဘောလုံးအသင်းခေါင်းဆောင် နေလင်းထွန်းလည်း ရွေးချယ်ခံခဲ့ရပါတယ်။
ပြိုင်ပွဲမှာ ထူးချွန်အားကစားသမားတွေ အမြောက်အမြား ပေါ်ထွက်ခဲ့တဲ့အထဲမှာ ဒေသရဲ့ အထူးချွန်ဆုံး ချန်ပီယံတွေကို ရွေးချယ်ဖော်ပြလိုက်တာလို့ ဆိုပါတယ်။
ထူးချွန်အားကစားသမား ၁၀ ဦးကတော့ အမျိုးသမီး Netball ပြိုင်ပွဲမှာ စင်ကာပူအသင်းကို ရွှေတံဆိပ်ဆုရအောင် ၃၈ ဂိုးသွင်းပေးခဲ့တဲ့ အဓိက ကစားသမား ရှာမိန်းဆိုး ၊ မီတာ ၁၀၀ ကို ၁၀ ဒသမ ၂၈ စက္ကန့် ပြေးပြီး ရွှေတံဆိပ်ဆုရခဲ့တဲ့ အရှေ့တောင်အာရှရဲ့ အမြန်ဆုံးလူသား ဖိလစ်ပိုင်နိုင်ငံက အဲရစ်ကရေး၊ အိမ်ရှင် စင်ကာပူအသင်းကို အနိုင်ဂိုးသွင်းပြီး ဆီမီးဖိုင်နယ်ရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ အင်ဒိုနီးရှား ဘောလုံးအသင်းက အီဗန် ဒါမိုနိုနဲ့ မြန်မာ ယူ ၂၃ အသင်းခေါင်းဆောင် နေလင်းထွန်း၊ အမျိုးသမီး တိုက်ကွမ်ဒို ၄၉ ကီလိုတန်းမှာ ငွေတံဆိပ်ဆုရခဲ့တဲ့ အရှေ့တီမောက လူဆာဒေါ့စ်ဆန်တို့စ်ရိုဆာ၊ ဗီယက်နမ်ရေကူးသမား ငုရင် သီအန်ဗီရန်၊ ထိုင်းတင်းနစ်မယ် နွပ်ပ၀န်လတ်ချီဝါကန်၊ မလေးရှား ဒိုင်ဗင်သမား ၀ီဇီလျန်း၊ ထိုင်း စားပွဲတင်တင်းနစ်မယ် ဆူသာစီနီ စ၀တ်တာဘတ်၊ စင်ကာပူက အနောက်တိုင်း ဓားသိုင်းမယ် ၀န်ဝန်ယင်းတို့ ဖြစ်ပါတယ်။
နောက်ဆုံးဗိုလ်လုပွဲကို ရှုံးပွဲမရှိ တက်ရောက်နိုင်ခဲ့တဲ့ မြန်မာအသင်းရဲ့ အောင်မြင်မှုဟာ အသက် ၂၂ နှစ်အရွယ် မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်း မပါဘဲ ဖြစ်နိုင်မှာမဟုတ်တဲ့အကြောင်းနဲ့ စုစုပေါင်း ၃ ဂိုးသွင်းပေးခဲ့ပြီး ဗီယက်နမ်နဲ့ ဆီမီးဖိုင်နယ်ပွဲ ၈၁ မိနစ်မှာ အနိုင်ဂိုးသွင်းယူကာ မြန်မာအသင်းကို ရွှေတံဆိပ်လုပွဲတက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ အဓိက ကစားသမားဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
အလားတူ အာရှဘောလုံးချန်နယ် ၀က်ဆိုက်က ရွေးချယ်တဲ့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲဝင် အသင်းတွေထဲက အကောင်းဆုံး ၁၁ ယောက်ကို ရွေးချယ်ရာမှာလည်း မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်း၊ အလယ်တန်းလူ စည်သူအောင်နဲ့ မြန်မာဂိုးသမား ကျော်ဇင်ဖြိုးတို့ ရွေးချယ်ခံရပြီး နောက်တန်းကစားသမား ဟိန်းသီဟဇော်ကတော့ အရန်ကစားသမားအဖြစ် အရွေးခံခဲ့ရပါတယ်။

No comments:
Post a Comment