ကျော်စိုးမိုး
၂၀၁၄ ခုနှစ်အတွင်းက အားကစားကွင်းပြန်လည်ရရှိရေးအတွက် တောင်ဥက္ကလာပမြို့နယ်တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် ပုဒ်မ ၁၉ဖြင့် အမှုဖွင့်ခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအ၀င် ၅ ဦး၏ အမှုကို တရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ခြင်းမရှိသေးဘဲ ဇွန်လ ၁၅ ရက်က တရားရုံးသို့ လာရောက်ခိုင်းသော်လည်း ဖြေရှင်းပေးမည့်သူ မရှိ၍ ပြန်လာရသည်ဟု ဇွန် ၁၅ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အမှုဖွင့်ခံထားရသူ ငါး ဦးကို ဇွန် ၁၅ ရက်၊ နံနက် ၁၀ နာရီတွင် တောင်ဥက္ကလာပမြို့နယ်တရားရုံးသို့ လာရောက်ရန် တောင်ဥက္ကလာ မြို့မ ရဲစခန်းက ဇွန် ၁၃ ရက်က အကြောင်းကြားခဲ့၍ သွားရောက်ခဲ့သော်လည်း ယင်းနေ့နံနက် ၁၀ နာရီခွဲကျော်ခန့်အချိန်ထိ တရားသူကြီး ရောက်မလာ၍ ဆက်လက် မစောင့်ဘဲ ပြန်လာခဲ့သည်ဟု ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံခန်းတွင် အမှုနှင့်ပတ်သက်၍ မီဒီယာများကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားခဲ့ခြင်းဖြစ်သည်။
အမှုဖွင့်ခံထားရသူများတွင် ပါဝင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းဦးမျိုးခင်က "ကျွန်တော်တို့တရားရုံးကို မနက် ၁၀ နာရီတိတိမှာ ရောက်သွားပေမယ့် တရားသူကြီးအပါအ၀င် ကျွန်တော်တို့ကိုတာဝန်ယူ ဖြေရှင်းပေးမယ့်သူ တစ်ယောက်မှ မရှိတာကြောင့် နာရီဝက်စောင့်ပြီး ၁၀ နာရီခွဲမှာ ပြန်လာပါတယ်၊ နောက်ထပ်ဆင့်ခေါ်စာ မရောက်မချင်း ကျွန်တော်တို့တရားရုံးကို ထပ်မသွားပါဘူး။" ဟုပြောသည်။
အများပြည်သူပိုင်ဆိုင်သည့် ကစားကွင်းတစ်ခုကို နိုင်ငံရေးပါတီတစ်ခုက ကိုယ်ကျိုးဆောင်ရွက်ခြင်းသည် လက်ခံနိုင်စရာ ကိစ္စရပ်တစ်ခု မဟုတ်ဘဲ ကစားကွင်းပြန်လည်ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု ၈၈မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က "အများပြည်သူပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုကို တစ်ဦးတစ်ယောက်က ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်ရင် အပက (၃) နဲ့တရားစွဲလို့ရပါတယ်၊ အများပိုင်အားကစားကွင်း ပြန်လည်ရရှိဖို့ဆန္ဒဖော်ထုတ်သူတွေကို တရားစွဲပြီး၊ အများပိုင်အားကစားကွင်းကိုကိုယ်ကျိုးအတွက် အသုံးပြုနေမှုကိုလည်း ဘာလို့အရေးမယူလဲဆိုတာ မေးခွန်းထုတ်စရာပါ။ " ဟုပြောသည်။
တောင်ဥက္ကလာပမြို့ နယ်၊ (၉) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိကလေးအားက စားကွင်းနှင့် ပန်းခြံတည်ရှိသည့်နေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကွန်ဒိုအဖြစ် ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအ၀င် လူအင်အားတစ်ရာခန့် က အဆိုပါအားကစားကွင်းရှေ့တွင် ပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ ၂၄ ရက်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်ရန်အတွက် တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့သို့ခွင့်ပြုမိန့်တင်ခဲ့ရာတွင် တာမွေမြို့နယ်၊ ကျိုက်က္ကဆံကွင်းရှိ ဟစ်တိုင်၌သာ ဆန္ဒဖော်ထုတ်ခွင့်ပြုခဲ့သော်လည်း အားကစားကွင်းရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးကိုကိုကြီးအပါအ၀င် ၅ ဦးကိုပုဒ်မ ၁၉ ဖြင့် ယင်းနေ့၌ပင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပုဒ်မ ၁၉ သည် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် သုံးလ၊ ငွေ ဒဏ်ဖြစ်ပါက ငွေကျပ်တစ်သောင်း ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်သည့် ဦးကိုကိုကြီး၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဥိးမျိုးခင်၊ တောင်ဥက္ကလာပ မြို့နယ် NLD အဖွဲ့ဝင်ဒေါက်တာစောနိုင်၊ ကိုနိုင်ကိုလင်းနှင့် ကိုအောင်မော်(ခ) စစ်အောင်တို့ငါးဦးကို တောင်ဥက္ကလာပမြို့မရဲစခန်းက (ပ) ၅၂၈/၁၄၊ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၉ ဖြင့် အမှု ဖွင့်ထားခြင်းဖြစ်သည်။
No comments:
Post a Comment