ထွန်းထွန်း
အင်ဒိုနီးရှားနိုင်ငံအခြေစိုက် Lippoလုပ်ငန်းစုနှင့် ပြည်တွင်း FMI လုပ်ငန်းစုလက်အောက်ရှိ ပန်းလှိုင်ဆေးရုံတို့၏ ပူးပေါင်းရင်းနှီးမြှုပ်နှံမှုဖြင့် မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိကဆေးရုံ ၇ ရုံကို ၅ နှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဆေးရုံများတည်ဆောက်ရန် နေရာအတည်ပြုထုတ်ပြန်ခြင်း မရှိသေးသော်လည်း ပူးပေါင်းရင်းနှီးမြှုပ်နှံမှုဖြင့် ကျန်းမာရေး ၀န်ဆောင် မှုများကို လွယ်ကူစွာရရှိနိုင်ရေး ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပန်းလှိုင်စီလုံ ဆေးရုံမှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ ရဲမိုးမြင့် က ပြောသည်။
“ဆေးရုံတွေက အခုဒီဆေးရုံလောက် ကောင်းချင်မှကောင်းမယ်၊ ကိုယ်ပိုင်ဆရာဝန်တွေ ခန့်ပြီးတော့ စရိတ်သက်သာအောင် လုပ် သွားမယ်၊ မရှုံးရင်ပြီးရော တတ်နိုင်သလောက် လျှော့သွားမယ်”ဟု ဒေါက်တာ ရဲမိုးမြင့်က ပြောပြသည်။
Lippo လုပ်ငန်းစုလက်အောက်ရှိ စီလုံဆေးရုံနှင့် FMIလုပ်ငန်းစုပိုင် ပန်းလှိုင်ဆေးရုံတို့၏ ပထမဆုံးပူးပေါင်းမှုအဖြစ် လှိုင်သာယာမြို့နယ်အတွင်းရှိ ပန်းလှိုင်ဆေးရုံကို ပန်းလှိုင်စီလုံ ဆေးရုံအဖြစ် အမည်ပြောင်းလဲခဲ့သည်ဟုလည်း ဆိုသည်။
ပန်းလှိုင်စီလုံ ဆေးရုံကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် FMIလုပ်ငန်းစုမှ ၆၀ ရာခိုင်နှုန်းနှင့် Lippoလုပ်ငန်းစု မှ ၄၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ၍ မတည်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၃ သန်းဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
FMIလုပ်ငန်းစုသည် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြစ်သော ရိုးမဘဏ်၊ အိမ်ရာ လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း စသည့် အကြီးစား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစုကြီးတခု ဖြစ်သည်။
ပန်းလှိုင်စီလုံ ဆေးရုံ၏ လူမှုဝန်ဆောင်ရွက်မှုအနေဖြင့် ဆေးရုံအနီး ညောင်ရွာ၊ ရှမ်းရွာ၊ ရေအုတ်ကန်၊ ကစင်နှင့် သာယာကုန်းရွာ တို့ တွင်လည်း အဖြစ်များသော ဆီးချို၊ သွေးတိုး၊ အရိုးပွ၊ သွား၊ မျက်စိ ရောဂါများအတွက် ဆေးဝါးနှင့် ကွင်းဆင်း စမ်းသပ်ပေးမှုများကို ယခုနှစ် ဇူလှိုင်လမှ စတင်၍ ၂လလျှင် တရွာနှုန်းဖြင့် အခမဲ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အရေးပေါ်ကုသမှု ခံယူရမည့် လူနာများအတွက် အခမဲ့လူနာတင်ယာဉ် ၀န်ဆောင်မှုကိုလည်း ဇွန်လလယ်ခန့်မှ စတင်ဆောင်ရွက် ပေးမည်ဖြစ်ပြီး ၎င်းဝန်ဆောင်မှုအတွက် လတ်တလောတွင် ဆေးရုံအနီးမြို့နယ်တချို့သာ ပါဝင်မည်ဖြစ်သည်ဟုလည်း ဆိုသည်။
Lippo လုပ်ငန်းစုသည် အင်ဒိုနီးရှားနိုင်ငံတွင် ပုဂ္ဂလိကဆေးရုံ ၂၀ ဖွင့်လှစ်၍ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး ၎င်းတို့၏ အတွေ့အကြုံနှင့် မြန်မာနိုင်ငံအပေါ် ပံ့ပိုးကူညီလိုသောကြောင့် ပူးပေါင်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပန်းလှိုင် ဆေးရုံအုပ်ဟောင်းလည်းဖြစ်သူ ဒေါက်တာ ရဲမိုးမြင့်က ပြောကြားသည်

No comments:
Post a Comment