ကေဇူး
ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသော လှေစီး ဒုက္ခသည်များကို သက်ဆိုင်ရာ နိုင်ငံသို့ ပြန်လည် ပို့ဆောင်ခြင်း မပြုပါက အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းပြုမည် မဟုတ်ဟု စစ်တွေမြို့မိ မြို့ဖ အဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။
မေ ၂၁ ရက်က ရခိုင်ပြည်နယ် မောင်တောတွင် ဖမ်းဆီးမိသော လှေစီးဒုက္ခသည် နှစ်ရာနှင့် ဟိုင်းကြီးကျွန်းမှ ယာယီရွှေ့ပြောင်းလာသော လှေစီးဒုက္ခသည်များကို ရခိုင်ပြည်နယ်တွင် ထားရှိမှုကို ကန့်ကွက်ခြင်းနှင့် သက်ဆိုင်ရာ နိုင်ငံသို့ အမြန်ဆုံးလွှဲပြောင်းရေးအတွက် ထိုသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု မြို့မိ မြို့ဖ အဖွဲ့က ဆိုသည်။
စစ်တွေမြို့မိ မြို့ဖ များ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ စစ်တွေမြို့မိ မြို့ဖ ဦးသန်းထွန်းက "ပြည်နယ်အစိုးရက အရေးယူတုံ့ပြန်တာ မတုံ့ပြန်တာထက်ဘင်္ဂါလီ ၉၀၀ ကျော်ကို ကျွန်တော်တို့ ရခိုင်ပြည်နယ် မှာထားတာကို မကြိုက်ဘူးဆိုတဲ့ အကြောင်းကို ပြချင်တာ"ဟု ပြောသည်။
စစ်တွေမြို့မိ မြို့ဖအဖွဲ့မှ စေလွှတ်ထားသော အရေးပေါ်ညှိနှိုင်းရေးအဖွဲ့ (ECC)၊ မြို့နယ်အထောက် အကူပြုအဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ နိုင်ငံသား စိစစ်ရေးကော်မတီ တို့သည် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့များဖြစ်ပြီး ထိုအဖွဲ့များ၏ လုပ်ငန်းစဉ်များကို လည်း ရပ်တန့်လိုက်ပြီဟု ဆိုသည်။
"ဒီနေ့ ကျွန်တော်တို့ ECC အရေးပေါ် အစည်းအဝေးရှိတယ် မသွားဘူး၊ ကျန်တဲ့အဖွဲ့တွေ လည်း အားလုံး ဒီနေ့ကစပြီး ရပ်လိုက်ပြီ" ဟု ဆိုသည်။
ရခိုင်ပြည်နယ် အစိုးရကမူ လှေစီးဒုက္ခသည်များကို အမြန်ဆုံးလွှဲပြောင်းနိုင်ရေးအတွက် စီစဉ်လျက်ရှိပြီး ရခိုင်ပြည်နယ်တွင် ဒုက္ခသည် စခန်းဖွင့်လှစ်၍ ထားရှိမည် မဟုတ်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ဖမ်းမိသော ဒုက္ခသည်များကို ဇွန် ၇ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးမည်ဟု ထုတ်ပြန်ထားသည်။
No comments:
Post a Comment