Tuesday, June 16, 2015

ရခိုင်တွင် လက်ခံထားသော လှေစီးဒုက္ခသည်များ နေရပ်ပြန်ပို့ရေးအတွက် အချိန်စောင့်ဆိုင်းရန် ဝန်ကြီးချုပ် တောင်းဆို

ကေဇူး

ရခိုင်ပြည်နယ်တွင် ယာယီထားရှိကာ စစ်ဆေးလျှက်ရှိသော လှေစီး ဒုက္ခသည်များကို ပြန်လည်ပို့ဆောင်ရေးအတွက် အချိန်စောင့်ဆိုင်းပေးရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဒေသခံများကို မေတ္တာရပ်ခံလိုက်သည်။

ရခိုင်ဒေသခံများက ဇွန် ၁၄ ရက်တွင် ရခိုင်တစ်ပြည် မြို့နယ် ၁၇ မြို့နယ်ရှိ ဒေသခံ အချို့က တစ်ပြိုင်နက်ထဲ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ပြီးနောက် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

"အခုဆိုရင် စိစစ်မှုတွေကလည်း ပြီးသလောက်ရှိနေပြီ၊ အစိုးရအနေနဲ့လည်း အမျိုးသား လုံခြုံရေးကို အဓိက ထားဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ရခိုင်တိုင်းရင်းသားများ အနေနဲ့ စိတ်မလောကြပါနဲ့ လို့ပဲပြောပါရစေ" ဟုဦးမောင်မောင်အုန်းက မဇ္ဈိမကို ပြောသည်။

ဖျာပုံခရိုင် ဟိုင်းကြီးကျွန်းတွင် မေ ၂၉ ရက်က ဖမ်းဆီးမိခဲ့သော လှေစီး ဒုက္ခသည် ၇၀၀ ကျော်အနက် ငါးရာကျော်၏ ကိုယ်ရေး အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်စိစစ်လျှက်ရှိသော်လည်း ၁၆၈ ဦးမှာ မြန်မာနိုင်ငံမှ ဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရက အတည်ပြုခဲ့သည်။

ထိုဒုက္ခသည်များကို မြန်မာနိုင်ငံတွင် သာထားရှိရမည်ဖြစ်ရာ ဒေသခံများက ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ ဦးကျော်ဆန်းက "မြန်မာဘက်အခြမ်းက သွားတဲ့သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူရမယ် ၊
ဒီလူတွေကြောင့် အားလုံးဟာ မြန်မာနိုင်ငံကပါ ရခိုင်ပြည်နယ်ကပါလို့ ပြောတာမျိုး လက်မခံနိုင်ဘူး" ဟု ဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မေ ၂၁ ရက်က ဖမ်း ဆီးမိခဲ့သော လှေစီးဒုက္ခသည် ၂၀၈ ဦးအနက် ရှစ်ဦးမှာ မြန်မာဘက်အခြမ်းမှ ဖြစ်ပြီး တစ်ရာ့ငါးဆယ်ဦးကို ဘင်္ဂလားဒေ့ရှ်က လွဲပြောင်းလက်ခံပြီးဖြစ်သည်။ ဒုတိယ အသုတ်အနေဖြင့် ၃၇ ဦးကို ရက်ပိုင်းအတွင်း လွဲပြောင်းပေးနိုင်မည်ဟုလည်း ဦးမောင်မောင်အုန်းက ပြောကြားထားသည်။

No comments: