Wednesday, June 3, 2015

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု၏ အသက်သွေးကြောဖြစ်သည့် တက်-မဲဆောက် အဝေးပြေးလမ်းမကို လေးလမ်းသွားအဖြစ် ချဲ့ထွင်အဆင့်မြှင့်မည်

Mizzima

နယ်စပ်ကုန်သွယ်ရေး သယ်ယူပို့ဆောင်မှုကို မြန်မြန်ဆန်ဆန် ပြီးစီးစေဖို့ ရည်ရွယ်တဲ့ ဘတ်ငွေ ၁.၃၉ ဘီလျံ ကုန်ကျမည့် စီမံကိန်း တစ်ခုအရ တက်-မဲဆောက် အမြန်လမ်းမကြီးကို ၄ လမ်းသွားအဖြစ် အဆင့်မြှင့်တင်ရန် ထိုင်းအစိုးရအဖွဲ့ ၀န်ကြီးများက မီးစိမ်းပြလိုက်ပြီပဲ ဖြစ်ပါတယ်။ ရက်ပေါင်း ၈၄၀ အတွင်း ပြီးစီးအောင် တည်ဆောက်သွားမယ်လို့ ၀န်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် မာ့ဆန်ဆန်း ကေးကမ်နာ့က ပြောကြားခဲ့ပါတယ်။

အမြန်လမ်း အမှတ် ၁၂ အဆင့်မြှင့်မှုရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ ဒီစီမံကိန်းကို ၂၀၁၅ ဘဏ္ဍာနှစ်ရဲ့ ဘတ်ဂျက်နဲ့ မတည်သွားမှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ် အားလုံးအနက် ဘတ်ငွေ သန်း ၂၈၀ ဟာ ၂၀၁၅ ဘဏ္ဍာနှစ် ဘတ်ဂျက်မှ လာမှာဖြစ်ပြီး၊ ကျန်တဲ့ ၁.၁၆ဘီလျံကတော့ ကော်ပိုရိတ်ချေးငွေများမှတဆင့် ရရှိလာမယ်လို့ Ghairath Online မှာ ရေးသားထားပါတယ်။

လမ်းချဲ့ထွင်ဖို့ လျာထားတဲ့ ၂၄.၆ ကီလိုမီတာအနက် ပထမအဆင့်ဖြစ်တဲ့ ၁၂.၅ ကီလိုမီတာအတွက် ဘတ်ငွေ ၇၀၆ သန်း လိုအပ်မှာဖြစ်ပြီး၊ ဒုတိယအဆင့်ဖြစ်တဲ့ ၁၂.၁ ကီလိုမီတာအတွက် ၆၉၀.၅ သန်း လိုအပ်မှာပဲ ဖြစ်ပါတယ်။

ထိုင်းအဝေးပြေးလမ်းများဌာနက စီမံကိန်းအတွက် အလယ်အလတ်ထက် နိမ့်ကျသော ဈေးနှုန်းများဖြင့် အီလက်ထရွန်းနစ်လေလံ ဖွင့်ခဲ့တယ်လို့ မာ့ဆန်ဆန်းက ပြောကြားခဲ့ပါတယ်။ ၀န်ကြီးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ အညီ ဌာနက ပို၍နိမ့်ကျသော ဈေးနှုန်းများဖြင့်ပင် အပေးအယူ လုပ်နေတယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။

ဒီအဝေးပြေးလမ်းမဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက် စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုများအတွက် အသက်သွေးကြောသဖွယ်ဖြစ်ပြီး ထိုင်းရဲ့ မြန်မာသို့ တင်ပို့မှုတွေကိုလည်း ပိုပြီး လွယ်ကူချောမွေ့စေမှာပဲ ဖြစ်ပါတယ်။

ဒီလမ်းမကြီးက မဲဆောက်ကို အထူးစီးပွားရေးဇုန်အဖြစ် အဆင့်မြင့်မယ့် ထိုင်းအစိုးရရဲ့ စီမံကိန်းနဲ့ ယခုနှစ်နှောင်းပိုင်းမှာ စတင်ဖွယ်ရှိတဲ့ အာဆီယံ စီးပွားရေးအသိုက်အဝန်းကိုလည်း အထောက်အကူပြုမှာ ဖြစ်ပါတယ်။

No comments: