Thursday, June 4, 2015

ရွှေဂစ်(စ်)ဓာတ်ငွေ့ သန့်စင်စက်ရုံမှ မြေယာလျော်ကြေး မရရှိသေးသော တောင်သူများ ဆန္ဒထုတ်ဖော်

ကေဇူး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ တည်ဆောက်ရာတွင် လျှော်ကြေး မရရှိသေးသော တောင်သူ ၃၀၀က ဇွန် ၃ရက် မွန်းတည့် ၁၂နာရီခန့်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် မလကျွန်း၌ ဆန္ဒထုတ်ဖော်ခဲ့သည်။

ရွှေသဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ ဆောက်လုပ်ရာတွင် အသုံးပြုထားသော လယ်ဧက ၆၀ကျော်အတွက် လျော်ကြေးတောင်းခံကာ တောင်သူ ၃၀၀ က ဆန္ဒထုတ်ဖော်ခဲ့သည်။

"ကုမ္ပဏီနဲ့ ဒေသ အာဏာပိုင်တွေက ညှိမယ်ပြောပြီး ခေါ်ညှိတယ်။ အကြိမ်ကြိမ်ပဲ ငွေတော့မရဘူး"ဟု ဆန္ဒထုတ်ဖော်ပွဲ ခေါင်းဆောင် ဦးမောင်ဝေခင်က မဇ္ဈိမကို ပြောသည်။

ထိုလယ်ယာမြေများသည် ကျောက်ဖြူခရိုင် မလကျွန်းနှင့် ဂုံးရှိန်ရွာများမှ တောင်သူ ၇၀ဦးဒ လယ်ယာမြေများဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိုလယ်ယာမြေ ပြသနာများ ဖြေရှင်းပေးရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို ဧပြီလ အတွင်းက ဒေသခံများက စာတင်ထားသည် ဟုလည်းဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်ထားသော သဘာဝဓာတ်ငွေ့သန့်စင်စက်ရုံသည် ရွှေသဘာဝ ဓာတ်ငွေ့ပိုင်လိုင်းမှ တဆင့် တရုတ်နိုင်ငံသို့ ပို့လွှတ်မည့် ဓာတ်ငွေ့များကို သန့်စင်ရခြင်းဖြစ်သည်။

ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတူးဖော်ရေးအတွက် ၂၀၀၉ ခုနှစ်က မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

No comments: