Friday, June 26, 2015

ရွေးကောက်ပွဲမတိုင်မှီ ပြည်တွင်းရွေ့ပြောင်း ဒုက္ခသည်များ မှတ်ပုံတင်ပြုလုပ်ပေး

စူးမယ်၊ ဝေဝေအောင်

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသတွင် မိုးပွင့်အထူးစီမံချက်ဖြင့် ဝေးလံခေါင်ပါးသည့် ပြည်တွင်း ရွေ့ပြောင်းဒုက္ခသည်များဖြစ်ကြသော ဖားဆောင်းမြို့နယ် မောချီးဒေသသို့ နိုင်ငံသားစိစစ်ရေး ကဒ်ပြားများကို ကျေးရွာများအထိ ကွင်းဆင်းပြုလုပ်ပေးနေသည်ဟု ဖားဆောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားရေးမှတ်ပုံတင် ဦးစီးဌာနမှ လက်ထောက်လဝကမှုး တာဝန်ခံ ကိုစောအယ်မြင့်က ဆိုသည်။

̏နီးတဲ့ရွာတွေက သူတို့ ရုံးမှာလာလုပ်လို့ရတယ် ကျတော်ပြောတဲ့ ကွာခီးတို့ကျတော့ အရမ်းဝေးလံခေါင်ပါးတဲ့ ဒေသရောက်သွားပြီ ̋ ဟု ကိုစောအယ်မြင့်က ပြောသည်။

မော်ချီးဒေသ လိုလောထီးကျေးရွာတွင် ဇွန်လ ၁၃ရက်နေ့မှ ၁၅ရက်နေ့အထိ သုံးရက်တာ ပြုလုပ်သွားရာတွင် အနီးနားရွာဖြစ်သည့် ထိုဒိုလေးခိုကျေးရွာ၊ ပယ်ခီးကျေးရွာနှင့် ပဟိုးကျေးရွာမှ လူဦးရေ စုစုပေါင်း အယောက် ၄၀ ကျော်လာရောက်ပြုလုပ်ကြသည်ဟု သိရသည်။

၎င်းဒေသဘက်များတွင် ပြည်တွင်း မတည်ငြိမ်မှုကြောင့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း မပြုလုပ်နိုင်ခဲ့ကြသည့်အတွက် ယခုချိန်ထိ မှတ်ပုံတင်မရှိကြသူများစွာရှိနေကြခြင်းဖြစ်သည်။

ယခုကဲ့သို့ အခမဲ့မှတ်ပုံတင် ဆောင်ရွက်ပေးနေသည့်အပေါ်တွင် မည်သည့်အချိန်တွင်မဆို အချိန်မရွေး ပြုလုပ်ပေးသင့်သည်ဟု မော်ချီးဒေသ လိုလောထီးကျေးရွာမှ မှတ်ပုံတင်လာရောက် ပြုလုပ်သော စောခဲရီထူးက ပြောသည်။

စောခဲရီထူးက “သူတို့က တကယ့်ကို လူထုအတွက် နိုင်ငံတော်အတွက် အကြိုးဆောင်မယ့်သူတစ်ယောက်ဆို လူထုကို မှန်မှန်ကန်ကန်ပေါ့ မှတ်ပုံတင်ဆိုလည်း တကယ့်ကို နိုင်ငံသား စစ်စစ်နဲ့ လုပ်ဆောင်စေချင်တယ်”ဟု ဆိုသည်။

၂၀၀၈ ခုနှစ်တွင် ယခုကဲ့သို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြပြီးနောက် နှောင်နှစ်များတွင် သက်တမ်းကုန်ဆုံးသွားသည့်အခါ မှတ်ပုံတင်သွားလုပ်ရာ အိမ်ထောင်စုစာရင်းပြရာ အတုဖြစ်နေကြောင်း ပြန်ပြောဆိုခံခဲ့ရဖူးသည့် အတွေ့အကြုံများရှိခဲ့ခြင်းကြောင့် စစ်မှန်သည့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသား စီစစ်ကဒ် အမှန်တကယ်လုပ်ပေးရန် ပြောဆိုသွားခြင်းဖြစ်သည်။

၂၀၁၅ မိုးပွင့် အထူးစီမံကိန်း၏ နောက်ဆုံးလဖြစ်သည့် ဇွန်လတွင် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှ ကျေးရွာများတွင် လဝက၊ NRCနှင့် မော်ချီးဒေသဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်တို့မှ ပူးပေါင်းပြီး နှစ်ဖွဲ့ခွဲကာ ကျေးရွာအတွင်းတွင် ကွင်းဆင်း ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်းတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ လွိုင်ကော်မြို့ မြို့တော်ခန်းမတွင် လူထုတွေ့ဆုံပွဲ၌ မော်ချီးဒေသဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့မှ မှတ်ပုံတင် မရှိသည့်သူများစွာ ကျန်ရှိနေကြောင်း တင်ပြဆွေးနွေးကာ ကျေးရွာအထိ ကွင်းဆင်းဆောင်ရွက်ပေးရန် တောင်းဆိုသွားခဲ့သည်။

No comments: