Thursday, June 18, 2015

ရွှေတိဂုံစေတီ ကုန်းမြေဆက်စပ် ဧရိယာအတွင်းရှိ စီမံကိန်းများ လုံးဝဖျက်သိမ်းပေးရန် တောင်းဆို

တင်ထက်ပိုင်

ရွှတိဂုံ စေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ရွှေတိဂုံ စေတီတော် ကုန်းမြေ ဆက်စပ် ဧရိယာအတွင်းရှိ ဆောက်လုပ်နေသော စီမံကိန်းများကို လုံးဝဖျက်သိမ်းပေးရန် တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ မင်းကွန်းတိပိဋက ရွှေရတုကျောင်းတော်တွင် ဇွန်လ ၁၇ ရက်နေ့က ပြုလုပ်သော ရွှေတိဂုံစေတီတော် ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ စာတမ်းဖတ်ပွဲတွင် အဖွဲ့က ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဦးဆောင်ဆရာတော် ၁၁ ပါးနှင့် တခြား သံဃာ့အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ ဝံသာနုရက္ခိတ အသင်းအဖွဲ့များ ပူးပေါင်း၍ ဇွန်လ ၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သော “ရွှေတိဂုံစေတီတော် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့” က ယင်းစာတမ်းဖတ်ပွဲကို ဦးဆောင်ပြုလုပ်ခဲ့ပြီး အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၊ ထေရဝါဒ ဓမ္မကွန်ရက်နှင့် မြန်မာ့အမျိုးသားရေး ကွန်ရက် စသည့်အဖွဲ့အစည်းများက သံဃာတော်နှင့် အဖွဲ့ဝင်များ ရာချီ၍ တက်ရောက်ခဲ့ကြသည်။

စာတမ်းဖတ်ပွဲအပြီး ထုတ်ပြန်ကြေညာချက်တွင် “ရွှေတိဂုံစေတီတော် ဝတ္တကမြေနှင့် ဆက်စပ် ဧရိယာများအတွင်း လက်ရှိ ဆောက်လုပ်နေသော စီမံကိန်းများအား လုံးဝပယ်ဖျက်ပေးရေး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက် ပေးရန်” ဟု ပါရှိကာ စီမံကိန်းများအား လုံးဝပယ်ဖျက်ပေးခြင်း မရှိဘဲ ဆက်လက်လုပ်ဆောင်ပါက တနိုင်ငံလုံး အတိုင်းအတာဖြင့် လူထုဆန္ဒ ထုတ်ဖော်ပွဲများ ပြုလုပ်သွားမည်ဟု ဆိုထားသည်။

“ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့” ၏ ဗဟိုဦးဆောင်အဖွဲ့ဝင် ဓမ္မစက္က ဦးမောင်မောင်က ရွှေတိဂုံ စေတီအနီးရှိ ဒဂုန်စီးတီး – ၁ စီမံကိန်းအပါအဝင် အထပ်မြင့် အဆောက်အအုံ စီမံကိန်း ၅ ခုစလုံးသည် ရွှေတိဂုံ စေတီနှင့်တကွ သိဂုင်္တ္တရကုန်းတော်ရှိ သာသနိက အဆောက်အအုံများ အားလုံးအတွက် အန္တရာယ် ရှိစေနိုင် သောကြောင့် ဘူမိဗေဒပညာရှင်များနှင့် ဗိသုကာပညာရှင်များက ပညာရှင်အမြင်ဖြင့် ကန့်ကွက်နေကြချိန်တွင် ရွှေတိဂုံ စေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဘာသာရေးနှင့် ယဉ်ကျေးမှုအမြင်မှ ကန့်ကွက်ခြင်း ဖြစ်ကြောင်း ပြောသည်။

ဦးမောင်မောင်က “ဘယ်သူ့ကိုမှလည်း စီးပွားပျက်စေချင်တဲ့ဆန္ဒ မရှိပါဘူး။ ပိုက်ဆံရရင် နိုင်ငံတော်အတွက် ကောင်းကျိုးတွေ အများကြီး ရှိတယ်။ ပိုက်ဆံရတာကို သဘောကျပါတယ်။ ဒါပေမယ့် ရသင့်ရထိုက်တဲ့ နေရာမှာ ရတာကောင်းတယ်။ ရွှေတိဂုံကြီးက တန်ဖိုးဖြတ်လို့ မရတဲ့အတွက်ကြောင့် ရွှေတိဂုံကြီး ပျက်စီးပြီးတော့မှ ပိုက်ဆံရမယ်ဆိုရင်တော့ အဲဒီကိစ္စကို ကျနော်တို့ ကန့်ကွက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် အဖွဲ့၏ ဦးဆောင်ဆရာတော် တပါးဖြစ်သည့် မကွေးကျောင်း ဆရာတော် ဦးပါမောက္ခက “ရွှေတိဂုံ ရှိမှ တို့ ဗုဒ္ဓဘာသာ ရှိမယ်၊ ရွှေတိဂုံမရှိရင် တို့ဗုဒ္ဓဘာသာ မရှိဘူးလို့ ဘုန်းကြီးတို့က ခံယူထားပါတယ်။ ဒါကြောင့် ရွှေတိဂုံကို အသက်နဲ့ လဲပြီးတော့ ကာကွယ်မယ်။ ဗုဒ္ဓဘာသာရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရဟန်းသံဃာတော်များ၊ ဗုဒ္ဓဘာသာဝင်များ အားလုံးမှာ ကိုယ်စီ တာဝန်ရှိပါတယ်” ဟု ယင်းစာတမ်းဖတ်ပွဲတွင် မိန့်ကြားခဲ့သည်။

စာတမ်းဖတ်ပွဲသို့ အဖွဲ့ဝင် အသင်းအဖွဲ့များက ထောက်ခံကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြပြီး ဆရာတော် ဦးဝီရသူကလည်း ရွှေတိဂုံစေတီတော်ကို ထိခိုက်စေနိုင်မည့် အလုပ်မျိုးကို ရှောင်ကြဉ်ကာ စေတီတော်ကို မထိခိုက် စေနိုင်သော ဖွံ့ဖြိုးတိုးတက်ရေးများ ဖြစ်ပေါ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

ယင်းသဝဏ်လွှာတွင် “စီမံကိန်းဟာ ရွှေတိဂုံဘုရားကို ထိခိုက်စေနိုင်တယ်ဆိုရင် စီမံကိန်းကို ပြုပြင်ရမှာ ဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော် ကာကွယ်ရေးပွဲကြီးကို ကြိုဆိုပါတယ်။ နယ်ပယ်အသီးသီးက ပညာရှင်တွေဟာ ရွှေတိဂုံ ကာကွယ်ရေး ကော်မတီကို ဝန်းရံကြဖို့ လိုပါတယ်” ဟု ပါဝင်သည်။

ယင်းစီမံကိန်း ၅ ခု တည်ရှိရာ ရွှေတိဂုံ စေတီတော် အနီးရှိ ၇၂ ဧကခန့် ကျယ်ဝန်းသော တပ်ပိုင်မြေသည် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပုဂ္ဂလိက လုပ်ငန်းစု ၅ ခုအား ငှားရမ်းထားခြင်း ဖြစ်ပြီး ငှားရမ်းခအဖြစ် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၈ သန်းကျော် ရရှိမည့် စီမံကိန်းများ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဇောတိက ဦးခင်လှိုင်က ဆိုသည်။

ခရမ်းရောင် သာတူညီမျှ ဥပဒေလုပ်ငန်း (Purple Equity Law Firm) မှ အထက်တန်းရှေ့နေ ကိုဖိုးဖြူက ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေနှင့် ၁၉၆၀ ပြည့်နှစ် တပ်မတော် နည်းဥပဒေတို့အရ တပ်ပိုင်မြေကို နိုင်ငံတော် ကာကွယ်ရေး အတွက် အသုံးမပြုတော့ပါက နိုင်ငံတော်သို့ ပြန်အပ်ရန် လိုအပ်သည်ဟု ပြောသည်။

ရှေ့နေကိုဖိုးဖြူက “တပ်မတော် အက်ဥပဒေဖြစ်တဲ့ Defense Services Act၊ တပ်မတော် နည်းဥပဒေဖြစ်တဲ့ Defense Services Rules တွေမှာလည်းပဲ တပ်မတော်ဟာ နိုင်ငံတော်ကို ကာကွယ်ဖို့အတွက်ပဲ ပြဌာန်းထားပါတယ်။ တပ်မတော်ဟာ တပ်ပိုင်မြေကို ရောင်းစားပြီး တပ်ပိုင်မြေကို စီးပွားရေးလုပ်ဖို့အတွက် ပြဌာန်းထားခြင်း မရှိပါဘူး” ဟု ယင်းစာတမ်းဖတ်ပွဲတွင် ပြောကြားခဲ့သည်။

စာတမ်းဖတ်ပွဲသို့ တက်ရောက်လာသူများထံမှ ရွှေတိဂုံစေတီ ကာကွယ်စောင့်ရှောက်ရေးနှင့် ယင်းစီမံကိန်းများ ဆန့်ကျင်ရေးအတွက် ဆန္ဒလက်မှတ် ကောက်ခံခြင်းများလည်း ပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ပြည်သူ့ဆန္ဒလက်မှတ် ကောက်ခံခြင်းကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်ပြုလုပ်၍ အစိုးရအဖွဲ့များထံသို့ တင်ပြသွားမည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အထက်ဖော်ပြပါ စီမံကိန်း ၅ ခုကို ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်ရန်အတွက် ယာယီ ဆိုင်းငံ့ရန် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ညွှန်ကြားထားခဲ့သည်။

တဆက်တည်းတွင် ရွှေတိဂုံစေတီတော် အနီးရှိ ယင်းစီမံကိန်းများကြောင့် စေတီတော်ကို ဖူးမျှော်ရသည့် မြင်ကွင်း ကွယ်စေနိုင်သည့်အပြင် စီမံကိန်း တည်ဆောက်ရာတွင် လိုအပ်သော လုပ်ငန်းများ ဖြစ်သည့် မြေတူးဆွခြင်း၊ အဝိစီတွင်း တူးဖော်ခြင်းတို့ကြောင့် သဘာဝ ဂေဟစနစ်များ ယိုယွင်းပြီး စေတီတော်၏ ကြံ့ခိုင်မှုကို အန္တရာယ် ရှိစေနိုင်ကြောင်း ဗိသုကာ ပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များနှင့် ရေအရင်းအမြစ် ပညာရှင်များက သုံးသပ်ထားသည်။

စီမံကိန်း ၅ ခုမှ တခုအပါအဝင် ဖြစ်သည့် ၂၂ ဧက အကျယ်အဝန်းရှိ ဒဂုန်စီးတီး – ၁ စီမံကိန်းကို ရင်းနှီးမြှုပ်နှံသော Marga Landmark ကုမ္ပဏီ၏ မေလ ၉ ရက်နေ့ ရက်စွဲပါ သတင်းထုတ်ပြန်ချက်တွင် ၎င်းတို့၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစွမ်းကုန် ဂရုစိုက်မှု၊ လိုအပ်သမျှကို တာဝန်သိစွာ ပြီးပြည့်စုံအောင် စစ်ဆေးမှုတို့ဖြင့် သိဂုင်္တ္တရ ကုန်းတော်၏ အောက်ခံမြေသားနှင့် မြေအောက်ရေသား လုံးဝ မထိခိုက်စေဘဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ စီမံကိန်းကို ဝေဖန်သူ တချို့သည် နိုင်ငံရေးအရ အမြတ်ထုတ်မှု၊ စီးပွားရေးအရ အမြတ်ထုတ်မှုများနှင့် ပတ်သက်ဆက်နွှယ်မှု ရှိနိုင်မည် ဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ ဂုဏ်အသရေ ထိခိုက်စေသော မှတ်ချက်များ၊ မမှန်ကန်သော သတင်းအချက်အလက်များ တဖက်စောင်းနင်းသော အမြင်များဖြင့် ပြောဆိုကာ Marga Landmark အား နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေသဖြင့် တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားရန် ပြင်ဆင် ဆောင်ရွက်ပြီး ဖြစ်ကြောင်း ရေးသားထားသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များအသင်းတို့က ဦးစီးကာ အစိုးရ အနေနှင့် ရွှေတိဂုံစေတီအနီးတွင် မည်ကဲ့သို့သော ဖွံ့ဖြိုးမှု စီမံကိန်းများ ခွင့်ပြုပေးသင့်ကြောင်းနှင့် ရွှေတိဂုံစေတီတော်ကို ထိခိုက်လာစေနိုင်သော လက်ရှိစီမံကိန်းများ၏ လုပ်ငန်းများအကြောင်း ဆွေးနွေးရန် ရွှေတိဂုံစေတီ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆိုင်ရာ ဖိုရမ်တခုကို မေလက ကျင်းပခဲ့သည်။

ဇွန်လ ၉ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက ယင်းစီမံကိန်းများသည် တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် မညီညွတ်ဘဲ နိုင်ငံတော်၏ ပုံရိပ်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိခိုက်သောကြောင့် ယခုအစိုးရလက်ထက်တွင် ရပ်ဆိုင်းပေးရန် အဆိုတင်သွင်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ယင်းစီမံကိန်း များသည် တပ်ပိုင်မြေပေါ်တွင် တည်ဆောက်နေခြင်းဖြစ်၍ ပြည်ထောင်စု အစိုးရ အုပ်ချုပ်မှု အာဏာသာ သက်ရောက်ပြီး တိုင်းဒေသကြီး အစိုးရက ပါဝင်ပတ်သက်ခြင်း မရှိသဖြင့် ရပ်ဆိုင်းပေးရန် မဖြစ်နိုင်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

သို့သော်လည်း ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၏ အဆိုအရ ပြည်သူ့လွှတ်တော်တွင် စီမံကိန်းများကို ပြန်လည်သုံးသပ်ရန် ဆွေးနွေးနေကြောင်း သိရှိရသည်။

No comments: