Monday, June 8, 2015

မြန်မာ ဓမ္မသိပ္ပံသို့ ဒေါ်လာ ၂၄,၀၀၀ တန် စာအုပ်နှင့် အခြားပစ္စည်းများ အမေရိကန် သံရုံး ထောက်ပံ့

ဟိန်းကိုစိုး

မြန်မာ့ ဓမ္မသိပံ္ပ (MIT- Myanmar Institute of Theology) သို့ ဒေါ်လာ ၂၄,၀၀၀ တန်ဖိုးရှိ စာအုပ်များ၊ ကွန်ပျူတာနှင့် အခြားသတင်းစာ၊ မဂ္ဂဇင်းများကို အမေရိကန် သံရုံးက တစ်နှစ်စာ ထောက်ပံ့ပေးခဲ့သည်ဟု MIT ဥက္ကဋ္ဌ Dr. Samuel Ngun Ling က ဇွန်လ ၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ကွန်ပျူတာတွေ၊ စာအုပ်၊ အစရှိတဲ့ ပစ္စည်းတွေကိုပဲ တိုက်ရိုက်ထောက်ပံ့ပေးတာပါ။ တခြား သင်တန်းတွေပေးတာလည်းရှိပါတယ်” ဟု ၎င်းက ဆိုသည်။

အမေရိကန် သံရုံးသည် ၂၀၀၈ ခုနှစ်မှ စတင်ကာ MIT တွင် American Corner အဖြစ် ဖွင့်လှစ်၍ သိပံ္ပ၊ နိုင်ငံရေးသိပ္ပံ၊ စီးပွားရေး၊ လူ့အခွင့်အရေး စသည့်တို့နှင့် ဆက်နွယ်သည့် စာအုပ် စာတမ်းများကို MIT မှ ကျောင်းသူ/သားများ ဖတ်ရှုနိုင်ရေး ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက အကူအညီပေးဖို့ ကြည့်တဲ့အခါ အခု MIT မှ လိုအပ်နေတာတွေ ရှိတဲ့အတွက် အဲဒီကတည်းက စပြီး ကူညီခဲ့တယ်။ မြန်မာနိုင်ငံမှာတော့ ဒီလို မျိုးက MIT တစ်ခုပဲ ရှိပါတယ်။ တစ်ခြားနေရာတွေတော့ မရှိသေးဘူး” ဟု အမေရိကန်သံရုံး လက်ထောက်ပြည်သူ့ရေးရာ အရာရှိ ဂျေမီဒဗလျူရာ့ဗက်ဇ် က ပြောသည်။

၇ နှစ်မြောက် ထောက်ပံ့မှု နားလည်မှု စာချွန်လွှာကိုလည်း ဇွန်လ ၅ ရက် ကမ္ဘာ့ သဘာဝ ပတ်ဝန်းကျင်နေ့တွင် လက်မှတ်ရေးထိုး သဘောတူကာ အမေရိကန်စင်တာမှ iNature အပါအဝင် ဂေဟဟိတအဖွဲ့ နှင့် MIT တို့မှ ကျောင်းသား/သူများက ကျောင်းပရ၀ုဏ်အတွင်း သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အမေရိကန်သံရုံးက ၂၀၀၈ ခုနှစ်မှ ယနေ့ထိ MIT မှ American Corner သို့ စာအုပ်ပေါင်း ၆,၀၀၀ ကျော်ထိ ကူညီပေးထားပြီဟု ဂျေမီဒဗလျူရာ့ဗက်ဇ် က ပြောသည်။

MIT တွင် ခရစ်ယာန်ကျမ်းစာ၊ ဘာသာရေးဆိုင်ရာ အသိပညာများကို မြန်မာနိုင်ငံ အနှံ့အပြားမှ တိုင်းရင်းသားလူငယ် ၁,၀၀၀ ကို သင်ကြားပို့ချပေးနေခြင်း ဖြစ်သည်။ MIT က လေးနှစ် အထိ တက်ရောက်ရသည့် BA (Religious Studies) အပြင် အခြား ဘာသာရေးဆိုင်ရာ သင်တန်းများကိုလည်း သင်ကြားပေးပို့နေသည်။

“ဓမ္မကျောင်းဆိုတော့ အဓိကတော့ ခရစ်ယာန်ဘာသာဝင်အများစုပါတယ်။ ဘာသာပေါင်းစုံက ကွဲပြားတဲ့ ဘာသာရေးဆိုင်ရာ ပညာရပ်တွေကို ဒီမှာသင်ကြားပေးနေတာ။ တိုင်းရင်းသားတွေ ကတော့ အများစုက ကျောင်းနေ ကျောင်းစားပေါ့” ဟု MIT စာကြည့်တိုက်မှူး ဦးအလန်ပိုက ဆိုသည်။

No comments: