အောင်သူရ
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဂျပန်နိုင်ငံ ဟီတာချီ လီမိတက်မှ စဉ်းစားနေသည်ဟု ဇွန်လ ၁ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးနှင့် အမှုဆောင် ကိုယ်စားလှယ်ဖြစ်သူ တိုရှီယာကီ ဟီဂါရှီဟာရာက မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံအပေါ်ထားတဲ့ မျှော်လင့်ချက်က တော်တော်လေးကို ကြီးမားပါတယ်။ မဲခေါင်ဒေသမှာဆိုရင်လည်း ထုတ်လုပ်မှုအပိုင်းတွေမှာ မြန်မာနိုင်ငံက အများကြီးအလားအလာ ရှိပါတယ်။” ဟု ၄င်းက မဇ္ဈိမကို ပြောသည်။
လက်ရှိအချိန်အထိ ဟီတာချီလီမိတက်က မည်သည့်အချိန်တွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမည်ကို အတိအကျ ပြောဆိုခြင်း မရှိသေးဘဲ ဖြစ်လာနိုင်ခြေရှိမည့်အနေအထားများကို သတင်းအချက်အလက် ရယူထားပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။
ထို့အပြင် ဟီတာချီလီမိတက်အနေနှင့် ၂၀၂၀ ခုနှစ်တွင် ပြည်တွင်းလုပ်သား ၂၀၀ မှ ၁၀၀၀ အထိ ခန့်အပ်သွားရန် အလားအလာရှိနေပြီး၊ နည်းပညာများ လွှဲပြောင်းသင်ကြားပေးရေး အစီအစဉ်များလည်း ရှိသည်ဟု ဟီတာချီအာရှလီမိတက် မြန်မာပြည်ရုံးခွဲ အထွေထွေမန်နေဂျာဖြစ်သူ ဆုနဲဟီရို တာကဟရှိက မဇ္ဈိမကို ပြောသည်။
“နည်းပညာလွှဲပြောင်းပေးဖို့အပိုင်းမှာကျတော့ နောက်လာမယ့်ဝန်ထမ်းတွေကို သင်ကြားပေးမှာ ဖြစ်သလို၊ လက်ရှိမှာလည်း ရထားလမ်းအချက်ပြစနစ်တွေ တပ်ဆင်တဲ့အပိုင်းနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်တို့လုပ်ဆောင်နေတဲ့ နေရာမှာလည်း စပြီးတော့ နည်းပညာတွေကို လွှဲပြောင်းပေးနေပါပြီ။” ဟု ၄င်းက ပြောဆိုသည်။
ဟီတာချီ လီမိတက်အနေနှင့် ဂျပန်ယန်းငွေ ၂.၄ ဘီလီယံတန်ကြေးရှိ ရထားလမ်း အချက်ပြစနစ်များကို ရန်ကုန်ဘူတာကြီးနှင့် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်တွင် တည်ရှိသည့် ပြွန်တန်ဆာဘူတာရုံကြား တွင် ဇူလိုင်လအတွင်း စတင်တပ်ဆင်သွားမည်ဟုလည်း သိရသည်။
No comments:
Post a Comment