Thursday, June 11, 2015

တာမွေမြို့နယ်တွင် ဓားထောက် ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ ရယူသွားသည့် အမျိုးသမီးကို ဖမ်းမိ

ကျော်စိုးမိုး

တာမွေမြို့နယ်အတွင်းရှိ တိုက်ခန်းလှေကားတစ်ခုတွင် အမျိုးသမီးတစ်ဦးကို ဓားထောက် ခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းများ ရယူထွက်ပြေးသွားသည့် အမျိုးသမီး ကို ရပ်ကွက်နေ ပြည်သူများနှင့် ရဲတပ်ဖွဲ့မှ ဝိုင်းဝန်းဖမ်းဆီးခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၄ ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့သည် ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန် ထားသည်။

ဇွန် ၄ ရက်၊ ည ၆ နာရီခန့်က တာမွေမြို့နယ်တွင် နေထိုင်သည့် ဒေါ်ရီရီသန့်သည် လမ်းမတော်မှ နေအိမ်သို့ ပြန်ရန်အတွက် ၁၅ လမ်းထိပ်တွင် ကားစောင့်နေစဉ် သာကေတမြို့နယ်တွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် မသန္တာအောင် ရောက်လာပြီး မင်္ဂလာဈေးသို့ ပြန်မည်ဖြစ်၍ ကားအတူ ငှားစီးရန်ပြောဆိုပြီး ကားတစ် စီးကို အတူငှားစီးလာခဲ့သည်။

ထိုသို့ ငှားစီးလာပြီးတာမွေမြို့နယ်၊ ၁၃၃ လမ်းထိပ်တွင် နှစ်ဦးကားပေါ်မှ အတူဆင်းလာကြပြီး မသန္တာအောင်မှ ၁၃၅ လမ်းတွင် ရှိသည့်တိုက်ပေါ်သို့ လိုက်ပို့ရန်ပြော သဖြင့် ဒေါ်ရီရီသန့်က လိုက်ပို့ရာ တိုက်ခန်းလှေကား ၄ လွှာသို့ အရောက်တွင် မသန္တာအောင်က ဓားတစ်ချောင်းထုတ်ကာ ခြိမ်းခြောက် ပြောဆိုပြီး ဒေါ်ရီရီသန့်ထံမှ ကျပ်နှစ်သိန်းခွဲခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးနှင့် နားကပ် တစ်ဘက်ကို ရယူ ထွက်ပြေးသွားခြင်းဖြစ်သည်။

တာမွေမြို့မ ရဲစခန်းက ရဲအရာရှိတစ်ဦးက “အလုခံရတဲ့ အမျိုးသမီးက အော်ပြီး အကူအညီ တောင်းလို့ ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေနဲ့ ရဲတပ်ဖွဲ့တွေ ဝိုင်းဖမ်းတာ ၁၃၅ လမ်းထိပ်မှာပဲ ဖမ်းမိခဲ့ ပါတယ်၊ စခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်” ဟု ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ခြောက်လှန့် ပစ္စည်းတောင်းယူသည့် မသန္တာအောင်ကို တာမွေမြို့မ ရဲစခန်းက (ပ) ၇၉၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

No comments: