ထက်နိုင်ဇော်
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်အတွင်း မြန်မာနယ်စပ် အနီးတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)က မြေပြင်-ဝေဟင် ပူးပေါင်းစစ်ရေး လေ့ကျင့်မှုကို ယနေ့ စတင်ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိသည်။
စစ်တပ် ရွေ့လျားခြင်း၊ ကင်းထောက်ခြင်း၊ တိုက်ခိုက်ရေးစွမ်းအား၊ တပ်စုစည်းမှုနှင့် ထောက်ပံ့ရေး ဆိုင်ရာများကို လေ့ကျင့်ရန် ရည်ရွယ်ထားသည်ဟု PLA မှ ဗိုလ်မှူးကြီး Tang Jibing က ဆင်ဟွာ သတင်းဋ္ဌာနသို့ ပြောသည်။
Tang Jibing က “လေ့ကျင့်ရေးဆိုတာ ပူးပေါင်းစစ်ဆင်ရေး စွမ်းဆောင်ရည်အတွက် ထိရောက်တဲ့ နည်းလမ်း တခု ဖြစ်ပါတယ်။ ရှေ့တန်း လုံခြုံရေးနဲ့ လေကြောင်း ကာကွယ်ရေး၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် ကာကွယ်နိုင်ရေးအတွက် အရေးကြီးပါတယ်”ဟု ပြောဆိုသည်။
ယခု စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ တရုတ်အစိုးရက တရားဝင် အကြောင်းကြားထားပြီး ၂၀၁၅ ခုနှစ် မတ်လအတွင်းကလည်း တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုတခုကို မြန်မာနယ်စပ် အနီးတွင် ပြုလုပ်ခဲ့သေးကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ဧရာဝတီသို့ ပြောသည်။
ဦးဇော်ဋ္ဌေးက“ကိုးကန့်ကိစ္စလို့လည်း ပြောကြတယ်။ ဒါကတော့ အမျိုးမျိုး ထင်မြင်ယူဆလို့ ရပါတယ်။ ကျနော်တို့ ဘက်ကလည်း အခုလိုမျိုး အသိပေးပြီး စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့တာတွေ ရှိပါတယ်။ ဒီကိစ္စက နိုင်ငံတကာ ဆက်ဆံရေးမှာ ထူးထူးခြားခြားလို့ ပြော လို့ မရပါဘူး”ဟု ပြောဆိုသည်။
တရုတ်-မြန်မာ နယ်စပ်ရှိ ကိုးကန့်စစ်ပွဲကို အကြောင်းပြု၍ တရုတ်ဘက်သို့ ဗုံးအကြိမ်ကြိမ် ကျရောက်မှုနှင့် ပတ်သက်ပြီး မကျေနပ် သဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်စစ်ရေးပြင်ဆင်မှု ဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံ ရေး လေ့လာ သုံးသပ်သူ စာရေးဆရာ သန်းစိုးနိုင်က ဧရာဝတီသို့ ပြောသည်။
တရုတ်နယ်စပ်အနီးတွင် နှစ်ပေါင်း ၂၀ ခန့် နေထိုင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်က“ပထမအကြိမ် ဗုံးကျပြီးကတည်းက အဲဒီနေရာ မှာ တခါမှ မပျံဘူးတဲ့ လေယာဉ်တွေ ပျံတက်လာတယ်။ အခုက လေကြောင်းရော ကြည်းကြောင်းပါ လုပ်လာတယ်။ ဒီဘက်မှာ စစ်ပွဲက မပြီးနိုင်သေးတော့ သူတို့ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်တဲ့အနေနဲ့ ကြိုပြင်တဲ့ သဘောပါပဲ”ဟု ပြောပြသည်။
၂၀၁၅ ခုနှစ် မေလအတွင်းက တရုတ်နိုင်ငံ နမ့်စန်မြို့အနီးသို့ နောက်ဆုံးကျခဲ့သည့် အမြောက်ကျည် ၆ လုံးသည် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)က မြန်မာ-တရုတ် ဆက်ဆံရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ ပစ်ခတ်ခဲ့ခြင်း ဖြစ် သည် ဟု မြန်မာ့ တပ်မတော်က မေလ ၁၈ ရက်တွင် သတင်း ထုတ်ပြန် ခဲ့သည်။
၂၀၁၅ ခုနှစ် မတ်လ ၈ ရက်တွင် မြန်မာ့တပ်မတော်က လေကြောင်းဖြင့် ပစ်ခတ်လိုက်သည့် ကျည်သည် တရုတ်နိုင်ငံဘက်သို့ ကျရောက်ပေါက်ကွဲပြီး တရုတ်လယ်သမား ၄ ဦး သေဆုံးခဲ့ကာ ၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ထိုဖြစ်ရပ်အတွက် မြန်မာအစိုးရက တရားဝင် တောင်းပန်ခဲ့ရပြီး လျော်ကြေးပေးခဲ့ရသည်။
တရုတ်-မြန်မာ နယ်စပ်ရှိ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှစ၍ အစိုးရ တပ်မတော်နှင့် MNDAA တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ နှစ်နိုင်ငံ နယ်စပ်တွင် ပြဿနာများ ဖြစ်ပွားပြီးနောက် တရုတ်စစ်တပ်က စစ်ရေး လေ့ကျင့်မှုကို မြန်မာ နယ်စပ် အနီးတွင် ပြုလုပ်လာခြင်း ဖြစ်သည်။
လေ့ကျင့်ရေး ဧရိယာနှင့် တိုက်ခိုက်ရေး ပစ်မှတ်များကို ကျပန်း ရွေးချယ်သွားမည့်အပြင် ယခု လေ့ကျင့်မှုတွင် လေတပ်၊ အမြောက် တပ်၊ လေကြောင်း ကာကွယ်ရေး၊ ခြေလျင်တပ် ၊ ဒုံးကျည်နှင့် စစ်ရေး ရေဒါ တပ်များပါ ပါဝင်မည်ဟု ဆင်ဟွာက ဆိုသည်။
လေ့ကျင့်ရေး ဧရိယာ အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ လေယာဉ် မပျံသန်းရန်နှင့် ဒေသခံများကိုလည်း ခွင့်ပြုချက် မရှိဘဲ မ၀င်ရဟု တားမြစ်ထားကြောင်းလည်း သိရသည်။
တရုတ်အစိုးရက စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ လေ့ကျင့်မှု ပြီးဆုံးမည့် ရက်ကို နောက်ပိုင်းတွင် ကြေညာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

No comments:
Post a Comment