ကျော်ဇေယျာဝင်း
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်ကို အစိုးရအဖွဲ့ကိုယ်စား ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က တင်သွင်းခဲ့တဲ့ မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်း ၂၀၄၀ ကို ဒီကနေ့လွှတ်တော်မှာ လျှို့ဝှက်မဲပေးတဲ့ နည်းလမ်းနဲ့ မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။
အဲ့ဒီလျှို့ဝှက်စွာမဲခွဲဆုံးဖြတ်ရာမှာ မဲပေးတဲ့ကိုယ်စားလှယ် ၁၁၆ ဦးရှိပြီး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဖို့ ထောက်ခံမဲ (၁၁၃)၊ ကန့်ကွက်မဲ (၂)၊ ပယ်မဲ (၁) မဲရှိရာ ထောက်ခံမဲ များတဲ့အတွက် အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။
မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ ကို ဆွေးနွေးသူ ၃ ဦးမှာ ကန့်ကွက်ဆွေးနွေးသူ ၂ ဦးနဲ့ ထောက်ခံဆွေးနွေးသူ ၁ ဦးရှိပါတယ်။
အဲ့ဒီလိုဆွေးနွေးရာမှာ ဇွန်လ ၁၅ ရက်နေ့မှာ လွှတ်တော်ကအတည်ပြုလိုက်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းအကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့တဲ့အတွက် ဆွေးနွေးမှု ခေါင်းစဉ်လွဲမှားတယ်လို့ဆိုကာ လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက သတိပေးခဲ့တာလည်းရှိခဲ့ပါတယ်။
မဟာရန်ကုန်မြို့ပြဖွံဖြိုးရေးမဟာ ဗျူဟာစီမံကိန်း ၂၀၄၀ မှာ ဦးစားပေးအလိုက်မြို့သစ်စီမံကိန်း ၇ ခုပါဝင်ပြီး (၁) ရန်ကုန် အရှေ့ပိုင်းမြို့သစ်၊ (၂) အနောက်တောင်ပိုင်းမြို့သစ်၊ (၃) သံလျင်မြို့သစ်၊ (၄) ဒလမြို့သစ်၊ (၅)ထန်းတပင်မြို့သစ်၊(၆)မှော်ဘီမြို့သစ်၊ (၇)လှည်းကူးမြို့သစ်တို့ဖြစ်ပါတယ်။
မြို့သစ် (၇) ခု အနီးရှိ ဒေသတွေကို ကျေးရွာ မြှင့်တင်တာ၊ အထပ်မြင့်တိုက်တွေ တည်ဆောက်တာ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ စပ်ဆက်တဲ့ စက်မှုလုပ်ငန်းတွေ တည်ထောင်တာတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
အဲဒီစီမံကိန်းမှာ ပါဝင်မယ့် မြို့သစ်တွေမှာ လူဦးရေ ၁၀ သန်းကျော် နေထိုင်နိုင်မယ့် မြေ ဧက ၁၁၈၇၃၂ ပါရှိပြီး ၈၁၇၇.၅၁ ကျပ်ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

No comments:
Post a Comment