ခင်ဦးသာ
ရခိုင်ပြည်နယ်အတွင်းရှိ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်တို့ရှိ ကျေးရွာများ၌ သောက်သုံးရေ ရှားပါးမှုနှင့်ကြုံတွေ့နေရကြောင်း သိရ သည်။
ယခုနှစ် သောက်သုံးရေ ရှားပါးမှုသည် နှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါးဆုံး အခြေအနေဖြစ်ကြောင်း၊ မင်းပြား မြို့ဝန်းကျင်ရှိ ရေကန် ပေါင်း ၃၀ ကျော်၌ ရေအားလုံး ခန်းခြောက်သွားကြောင်း မင်းပြား မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသာကျော် က ဧရာဝတီ ကိုပြောသည်။
၎င်းက“ဒီနေ့တော့ မိုးနည်းနည်းရွာတယ်၊ ဒါပေမယ့် ရေအလုံအလောက်တော့ မရဘူး၊ အထူးသဖြင့် မြို့နဲ့ဝေးတဲ့ ရွာတွေမှာ ပိုပြီး တော့ ဒုက္ခရောက်နေကြတယ်၊ ရေရှားပါးမှုရဲ့ နောက်ဆက်တွဲကြောင့် ၀မ်းရောဂါတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတယ်”ဟု ဆို သည်။
မြို့ပေါ်၌ သောက်သုံးရေ ပြတ်လပ်မှုရှိသော်လည်း၊ အစိုးရ အာဏာပိုင်များနှင့်စေတနာရှင် အဖွဲ့များ၏ ထောက်ပံ့ငွေဖြင့် ရေရှိရာ မြို့နယ်များမှ ကားများဖြင့် သယ်ဆောင်ကာ ပြန်လည် ဖြန့်ဝေပေးမှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။
သို့သော် မြို့နှင့်ဝေးလံသည့် ကျေးရွာများ၊ ကားလမ်း မရှိသည့် ကျေးရွာများတွင် ရေအခက်အခဲများရှိကြောင်း၊ တခါတရံ၌ မြို့ပေါ်မှ စေတနာရှင်များ စုပေါင်း၍ စက်လှေများဖြင့် ဝေးလံသည့် ကျေးရွာများထံ သွားရောက် လှူဒါန်းကြကြောင်း ဦးသာကျော် က ဆက်ပြောသည်။
ရေရှားပါးမှု အများဆုံး ကြုံတွေ့နေရသည့် ပုဏ္ဏားကျွန်း မြို့နယ်တွင် ယခုအခါ ပြည်နယ် အစိုးရ အာဏာပိုင်များနှင့်စေတနာရှင်များ၊ စစ်တွေမြို့ခံများက ရေကားများဖြင့် လာရောက် ရေပေးဝေနေကြောင်း၊ ထို့ကြောင့် ရေရှားပါးမှု ပြဿနာ ပြေလည်နေပြီ ဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့ခံ ဦးထွန်းအေးသိန်း က ဧရာဝတီကို ပြောသည်။
၎င်းက“ပြည်နယ်အစိုးရ အဖွဲ့က ငွေ သိန်း ၃၀၀ လှူထားပါတယ်၊ စစ်တွေမြို့ကလည်း ရေစည်တွေ တရက်ကို ၅၀ လောက်စီ ကားနဲ့လာပို့ပေးနေတယ်”ဟု ဆိုသည်။
ပုဏ္ဏားကျွန်းမြို့ခံ တချို့က ၎င်းတို့ ဒေသ၌ သောက်သုံးရေ ပြတ်လပ်နေသည်မှာ တလ၀န်းကျင် ရှိနေပြီ ဖြစ်ကြောင်း၊ အစိုးရ အာဏာပိုင်များ အနေဖြင့် ယခုရက်ပိုင်းမှသာ သောက်သုံးရေ အတွက် ငွေပေးလှူခြင်း ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။
ပုဏ္ဏားကျွန်းမြို့ခံ တဦးက“ဒီဒေသမှာ ရေရှားပါးနေတာ အတော်ကြာပါပြီ၊ ရခိုင် လူမှုအဖွဲ့တွေနဲ့ စေတနာရှင်တွေကပဲ ကူညီပေးနေကြတာပါ၊ တချို့နေရာတွေမှာ စက်ရေတွင်းတွေ တူးပေးထားပါတယ်၊ ပြည်နယ် အစိုးရက ဒီရက်ပိုင်းမှ လာပြီးတော့ ကူညီတာပါ”ဟု ဆိုသည်။
ထို့အတူ မြေပုံ၊ မြောက်ဦး စသည့်မြို့နယ်များရှိ ကျေးရွာ တချို့တွင်လည်း ရေပြတ်လပ်မှုများ ရှိကြောင်း၊ ရေ ရှိရာ အရပ်များ၌ ရေ သွားသယ်ယူလိုသော်လည်း စက်လှေ အတွက် လောင်စာဆီ မတတ်နိုင်သည့် ကျေးရွာ တချို့လည်း ရှိကြောင်း၊ စစ်တွေမြို့နယ် အတွင်းမှ ကျေးရွာ တချို့တွင်လည်း ရေ ပြတ်လပ်မှုများ ရှိကြောင်း၊ ရခိုင်ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် တ၀န်း၌ ဇွန်လသည် မိုးသည်းထန်စွာ ရွာလေ့ရှိသော်လည်း ယခုအခါ မြို့နယ် အများအပြား၌ မိုးပုံမှန် ရွာသွန်းမှု မရှိကြောင်း သိရသည်။

No comments:
Post a Comment