မောင်သင်တုန်း
မြစိမ်းရောင် စီမံကိန်းကို ယခုနှစ်တွင် နိုင်ငံတော် ဘတ်ဂျက်ဖြင့် ကျေးရွာပေါင်း သုံးထောင်အထိ တိုးချဲ့ ဆောင်ရွက်သွားမည်ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဇွန်လ ၁၁ ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ပြောသည်။
“ မြစိမ်းရောင် ကျေးရွာ စီမံကိန်းကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ကျေးရွာပေါင်း ၃,၀၀၀ တိုးချဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်း ကျေးရွာတွေ စနစ်တကျ ရွေးချယ်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် က ပြောသည်။
ကျးရွာတစ်ရွာလျှင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် အရင်း မပျောက်သည့်စနစ်ကျင့်သုံးကာ ဆင်းရဲမှု လျှော့ချ နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ စုစုပေါင်းကျပ် ၄၃ ဒသမ ၅ ဘီလီယံ ဖြင့် ထောက်ပံ့ဆောင်ရွက်ခြင်း ဖြစ်သည်။
“ မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆောင်ရွက်မှုအပေါ် ပြည်သူများဧ။် စိတ်ကျေနပ်မှု ၉၅ ရာခိုင်နှုန်းရှိပြီး ငါး ရာခိုင်နှုန်းက စောင့်ကြည့်ဆဲကာလ ဖြစ်ကြောင်း စစ်တမ်း အရ လေ့လာတွေ့ရှိရပါတယ်”ဟု အမြဲတမ်းအတွင်းဝန် ဒေါက်တာ ခင်ဇော်က ပြောသည်။
ယင်းအပြင် မိသားစုဝင်ငွေ အထောက်အကူပြုမှုအဖြစ် ၇၀ ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိပြီး ကျန် ၃၀ ရာခိုင်နှုန်းမှာ စောင့်ကြည့်ဆဲကာလ ဖြစ်သည်ဟု ဆိုသည်။ မြစိမ်းရောင် စီမံကိန်း ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး စိုက်ပျိုးရေးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေတိုးပွားရေး လုပ်ငန်းများတွင် ၉၇ ရာခိုင်နှုန်းအထိ အသုံးပြုကြသည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ သိရသည်။
“ကျန် သုံး ရာခိုင်နှုန်းလောက်က လုပ်ငန်းလိုအပ်ချက်အရ လုပ်ငန်းလွှဲပြောင်း သုံးစွဲတာ ကိုတွေ့ရတယ်”ဟု ဒုတိယဝန်ကြီးက ဆက်ပြောသည်။
ကျးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနသည် မြစိမ်းရောင် စီမံကိန်းအပြင် အီတလီနိုင်ငံမှ ချေးယူထားသည့် ယူရို သန်း ၂၀ ကိုလည်း ကျေးလက်ဒေသ လူထုဗဟိုပြု လုပ်ငန်းများအတွက် မြစိမ်းရောင် စီမံကိန်းများတွင် ပါဝင်ခြင်း မရှိသည့် မြို့နယ်ငါးခုတွင် အကောင်အထည် ဖော်သွားမည်ဟု ဆိုသည်။
“ မြစိမ်းရောင် စီမံကိန်းကျေးရွာတွေနဲ့ မတိုက်အောင် ရွေးချယ်ထားတယ်။ ကျေးရွာတစ်ရွာကို ကျပ်သိန်း ၂၇၀ နှင့် ကျပ်သိန်း ၃၀၀ ဝန်းကျင်အထိ ထုတ်ပေးကာ လူထုဗဟိုပြု ဆောင်ရွက်ပေးသွားမယ်။ အဲဒီဒေသက ကျေးရွာက လူထုတောင်းဆိုတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးသွားမယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးကျော်စိုးက ပြောသည်။
အဆိုပါ အတိုးမဲ့ချေးငွေ ယူရိုသန်း ၂၀ ကိုလည်း ၂၀၁၅- ၁၇ ခုနှစ်အတွင်း သုံးစွဲသွားမည်ဖြစ်ပြီး သုံးနှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည် ဖြစ်သည်။ ချေးငွေ စီမံကိန်းကာလ ခြောက်နှစ်ဖြစ်ပြီး နိုင်ငံတော်က ချေးငွေကို ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။
No comments:
Post a Comment