Tuesday, June 9, 2015

မှိုင်းကံဒေသ မြေကိစ္စကန့်ကွက်မှု အထောက်အထား ခိုင်လုံပါဟု ကျော်လွမ်းမိုးကုမ္ပဏီ ပြော

ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံ(ဘားအံ)မြို့နယ် မှိုင်းကံဒေသရှိ မြေလွတ်သစ်တောအတွင်း၌ တရားဝင်လုပ်ပိုင်ခွင့် ရရှိရန် လျှောက်ထားမှုကို ဒေသခံများအနေဖြင့် ကန့်ကွက်လိုပါက အထောက်အထားခိုင်လုံစွာ ကန့်ကွက်ပါဟု ဇွန် ၃ရက်နေ့တွင် ကျော်လွမ်းမိုးကုမ္ပဏီက ပြောဆိုခဲ့သည်။

ဒေသအပိုင်ဖြစ်သော အဆိုပါမြေလွတ်သစ်တောအတွင်းတွင် နှစ်ရှည်ခံသီးပင်များစိုက်ပျိုးရန် ဝင်ရောက် လျှောက်ထားခွင့်ကို မလိုလားကြောင်း ဒေသခံများပူးပေါင်း၍ မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနမှူးထံသို့ မေလ ၂၇ရက်နေ့က ကန့်ကွက်စာ တင်ပြီးနောက် ကျော်လွမ်းမိုးကုမ္ပဏီသည် မှိုင်းကံကျောင်းတိုက်တွင် ဒေသခံနှင့် တွေ့ဆုံကာ ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကုမ္ပဏီမှ ဦးကျော်လွမ်းမိုးက “ကျနော်တို့ကုမ္ပဏီရဲ့ အကျိုးစီးပွားရေးတစ်ခုတည်းကို ကြည့်ပြီးတော့ လုပ်ထားတာမဟုတ်ပါဘူး။ ဒါကြောင့် ကျေးရွာသူရွာသားတွေ ကန့်ကွက်မယ်ဆိုရင်လည်း ခိုင်ခိုင်လုံလုံနဲ့ ကန့်ကွက်စေပါတယ်။ အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်တဲ့အခါကျတော့ ကိုယ့်ဒေသပဲ တိုးတက်မှု နောက်ကျ ကျန်ခဲ့ပါမယ်။ ဒီမြေကို အခမဲ့ ယူခဲ့ရတာ မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင် အခကြေးငွေပေးပြီး ယူခဲ့ရပါတယ်။ တန်ရာတန်ကြေးပေါက်ဈေး ပေးပြီး ဝယ်ခဲ့တာပါ”ဟု လူထုနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

လုပ်ပိုင်ခွင့်လျှောက်ထားသည့် မြေများသည် မတရားသိမ်းဆည်း၍ လုပ်ပိုင်ခွင့်လျှောက်သည့် လယ်မြေ မဟုတ်ဘဲ ၂၀၀၆ ခုနှစ်၌ ဝယ်ထားသည့် မြေများ၊ ၂၀၁၁ နှင့် ၂၀၁၂ခုနှစ်၌ ထပ်မံဝယ်ယူထားသည့် မြေများပါဝင်ပြီး ၀ယ်ယူခဲ့စဉ်ကလည်း သက်သေအဖြစ် မှိုင်းကံဆရာတော်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ရှိခဲ့သည်ဟု ဦးကျော်လွမ်းမိုးက ဆက်ပြောသည်။

သို့သော် ၎င်းမြေဝယ်ထားခြင်းနှင့် လက်ရှိ ဝင်ရောက်လုပ်ကိုင်အကောင်ထည်ဖော်ခြင်းနှင့်ပတ်သက်၍ မှိုင်းကံကျေးရွာသူရွာသားများ တစုံတရာ မသိရှိသကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးဘက်မှလည်း မသိရှိခဲ့ရကြောင်း မှိုင်းကံကျေးရွာအုပ်ချုပ်ရေးမှူး စောအကျော်က ယခုလို ပြောသည်။

“သူတို့ဒေသခံဆီမှာ လယ်တွေဝယ်တာကတော့ သိတာပေါ့။ အဲဒါက တရားဝင်စာချုပ်စာတမ်းရှိတယ်။ လယ်သမားတွေ ရောင်းနိုင်ရင် သူတို့ဝယ်နိုင်တော့ ကျနော်တို့လည်း သက်သေလုပ်ရတာပေါ့။ အခု သူတို့ ဝင်လုပ်နေတဲ့ လယ်မဟုတ်တဲ့ တောတွေတော့ ကျနော်မသိဘူး။ အဲဒီတောကိုလည်း ကျနော်တို့တစ်ခါမှ မရောင်းဖူးဘူး။ ရောင်းပိုင်ခွင့်လည်း မရှိဘူး။ အဲဒါက အများပိုင်တော တစ်ဦးတစ်ယောက်ပိုင်တဲ့တော မဟုတ်ပါဘူး”ဟု စောအကျော်က ကေအိုင်စီသို့ ပြောသည်။

လတ်တလော ၎င်းဒေသရှိ မှိုင်းကံ၊ မိဇံ၊ ပေါ့ထော်၊ ကော့ကူး၊ ထီးဖိုးခလုံး စသည့် ရွာ ၅ရွာမှ ဒေသခံများ၏ လယ်ဦးလယ်ထိပ်၊ မြေဦးမြေထိပ်များကို ကျော်လွမ်းမိုးကုမ္ပဏီနှင့် အခြားလုပ်ငန်းရှင်များက မြေတူးစက်ဖြင့် ထိုးဆွခြင်းနှင့် ဝင်ရောက်လုပ်ကိုင်ခြင်းများရှိသည့်အပေါ် ဒေသခံ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ အနီးကပ်စောင့်ကြည့်လျှက်ရှိကြောင်းနှင့် ဖားအံခရိုင် ထီလုံမြို့နယ် ဥက္ကဌမှလည်း မှိုင်းကံ အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

မှိုင်းကံဒေသရှိ မြေလွတ်သစ်တောအတွင်း၌ ဦးငြိမ်းချမ်းမြင့်၊ ဦးကျော်လွမ်းမိုး၊ ဒေါ်စုဝင်းသိန်း၊ ဒေါ်ဌေးဌေးရီ၊ ဦးလှမင်းပိုင်၊ ဒေါ်မိုးမိုးဦး၊ လွမ်းမိုးဟိန်းကုမဏီ၊ ဦးကျော်သိန်းနှင့် ဒေါ်သိမ့်သိမ့်ဦး စသည့် ၉ဦးတို့က လုပ်ပိုင်ခွင့်လျှောက်ထားပြီး စုစုပေါင်း (၄၆၉.၈၃)ဧက ရှိသည်ဟု မြို့နယ်မြေစာရင်းရုံးမှ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးပို့ထားသည့်စာအရ သိရသည်။

No comments: