Friday, June 5, 2015

ကျောက်ဖြူတွင် ရွံ့မီးတောင် တစ်လုံး ပေါက်ကွဲ

ကျော်ဝင်း (ကျောက်ဖြူ)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ၊ရှောက်ချောင်း ကျေးရွာ၏ တောင်ဘက် ၇ ဖာလုံခန့် အကွာတွင် တည်ရှိသော ရွံ့မီးတောင် တစ်လုံးသည် ယနေ့ နံနက် (ဇွန်လ ၁ ရက်) က ပေါက်ကွဲခဲ့သည်ဟု သိရသည်။

၎င်းမီးတောင်ကို ဒေသခံတွေက အရပ်သည်မနဂါးမီးတောင် ဟုခေါ်ဆိုကြပြီး သုံးလေးနှစ်တွင် တစ်ကြိမ် ကျစီ ပေါက်ကွဲမှု ဖြစ်တတ်သည်ဟု သိရသည်။

“ ဒီကနေ့ နံနက် ၅နာရီ ၄၅ မိနစ်ခန့်က မီးတောင် စတင် ပေါက်ကွဲပါတယ်။ ပေါက်ကွဲချိန်မှာ ၁၀ မိနစ်ခန့် မီးခိုးတွေ ပြင်းထန်စွာ ထွက်လာတယ်။ အသံတွေလည်း ဆူညံလာပြီး ရွံ့ရည်တွေ အပေါ်ကို မြင့်တက် လာတယ်။ ဒါကို ကျွန်တော်တို့ ရွာကနေ လှမ်းမြင်ရပါ တယ်” ဟု ဒေသခံ ဦးမောင်ချေ က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းမီးတောင် ၃ နာရီခန့် တွင်းနုတ်ခမ်းမှ ရွံ့ရည်များကို မှုတ်ထုတ်ခဲ့ပြီး သည် နံနက် ၉ နာရီခန့်တွင် ငြိမ်သက်သွားကြောင်း သိရသည်။

ယခု မီးတောင်ပေါက်ကွဲ မှုမှာ ၂၀၁၄ ခုနှစ် သြဂုတ် လက ပေါက်ကွဲခဲ့သော သူပုန်နဂါးမီးတောင်လောက် ပျက်စီးဆုံးရှုံးမှု မများပြားကြောင်း သိရသည်။ သူပုန်နဂါးမီးတောင်ပေါက်ကွဲစဉ်က လယ်ဧက ၂၀၀ ကျော် ရွံ့ရည်များ ဖုံးလွှမ်းသွားသဖြင့် ပျက်စီးခဲ့ရသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် ရှောက်ချောင်း၊ စည်မော်၊ ကြတ္တိန်၊ ကပ်သပြေ ကျေးရွာ လေးရွာ အကြားတွင် မီးတောင် အများအပြားရှိသော တောင်တန်း တစ်ခုတည်ရှိပြီး ယင်းတောင်တန်းတွင်ရှိသော မီးတောင်များမှာ ကြက်သေနဂါး၊ သပုန်နဂါး၊ တလင်းကြီးနဂါး၊ အရက်သည်မနဂါး စသည့် မီးတောင်များ ဖြစ်ကြသည်ဟု သိရသည်။

No comments: