ကေဇူး
ရခိုင်ပြည်နယ် နယ်နိမိတ်ဖြစ်သော မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ယာယီစစ်ဆေးနေသည့် ဒုက္ခသည်များကို တစ်ပတ်အတွင်း ပြန်ပို့နိုင်ရန် စီစဉ်နေသည် ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မှတ်တိုင် ၃၇ တွင် စိစစ်လျှက်ရှိသော လှေစီးဒုက္ခသည်များ အနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကဟု အထောက်အထား ခိုင်လုံသည့် လှေစီးဒုက္ခသည်များကို တစ်ပတ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လွှဲပြောင်းပေးနိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။
"ဟိုင်းကြီးကျွန်းက ရခိုင်ဘက်ကိုရွှေ့လာတဲ့ လူတွေကို စစ်တာပေါ့ ဒီအထဲမှာ မြန်မာဘက်က ဘင်္ဂါလီတစ်ရာလောက်တော့ ပါတယ်၊ ကျန်တဲ့ လူတွေကတော့ ဘင်္ဂလားဒေ့ရှ်ကပေါ့ တရားဝင်တော့ သူတို့က လက်မခံသေးပေမယ့် နှစ်ဖက်စိစစ်မှုအရ ဒီအခြေအနေတွေ တွေ့နေတော့ ဒီတစ်ပတ်အတွင်းမှာ လွှဲနိုင်အောင် ကျွန်တော်တို့ ကျိုးပမ်းနေပါတယ်"ဟု ဦးမောင်မောင်အုန်းကဆိုသည်။
ဖမ်းဆီးမိသော ဒုက္ခသည်များအနက် အမျိုးသမီး ၇၂ ဦး၊ ကလေး ၅၁ ဦးကို တောင်ပြိုလက်ဝဲမြို့နယ်ခွဲရှိ ယာယီစိစစ်ရေး ဒုက္ခသည်စခန်းတွင်စတင် စိစစ်နေပြီး ကျန် ၆၁၁ ဦးကို နယ်စပ်မှတ်တိုင် ၃၇ ကို ပို့ဆောင်ထားကာ စိစစ်နေခြင်းဖြစ်သည်။
နယ်စပ်မိုင်တိုင် ၃၇ သို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ရခိုင်ပြည်နယ် နယ်စပ်ရေးရာ နှင့်လုံခြုံရေးဝန်ကြီးနှင့် စစ်တွေမြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်တို့ ဦးဆောင်သော အဖွဲ့များက သွားရောက်စိစစ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။
ပြည်နယ် လ.ဝ.က ဦးစီးမှူးဦးခင်စိုးက "တစ်ချို့မြန်မာဘက်က ဘင်္ဂါလီဖြစ်တယ်ဆိုတာ အကြမ်ဖျင်းသိတာပဲ ရှိသေးတယ်။ သူတို့ကို ဘယ်မှာထားမလဲဘယ်ကို ပို့မလဲဆိုတာ အသေးစိတ် စိစစ်ရဦးမယ် သူတို့က ဒုက္ခသည်စခန်းကလား ဒါမှမဟုတ် ရွာကလားဆိုတာ စိစစ်ပြီးမှ ဘယ်မှာထားမယ်ဆိုတာအဖြေထွက်လာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဦးစားပေးလုပ်ဆောင်နေတာက ဘင်္ဂလားဒေ့ရှ်ဘက်က လူတွေကို စိစစ်ပြီး အမြန်ဆုံး ပို့ဖို့ပဲဖြစ်ပါတယ်"ဟု မဇ္ဈိမကိုပြောသည်။
ရခိုင်ပြည်နယ် နယ်နိမိတ် ဧရိယာဖြစ်သော မောင်တောမြို့နှင့် ရေမိုင်လေးမိုင် အကွာတွင် ဖမ်းဆီးမိသည့် ဒုက္ခသည် နှစ်ရာအနက် ၁၅၀ ကိုပထမအသုတ် အနေဖြင့် ဇွန် ၇ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးမည် ဖြစ်သည်။
ထိုလှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ စစ်တွေမြို့မိမြို့ဖ အဖွဲ့ က အမြန်ဆုံးပြန်လည် ပို့ဆောင်ရန် ပြည်နယ် အစိုးရကို ဖိအားပေး တိုက်တွန်းမှုများလည်း ရှိနေသည်။
ထို့ပြင် အမျိုးသားလွှတ်တော်တွင်လည်း လှေစီးဒုက္ခသည်များအရေး ပြတ်သားသော မူဝါဒများ ချမှတ်ရန် အဆိုတင်ဆွေးနွေးထားသည်။
No comments:
Post a Comment