စိုးသန်းလင်း
လူကုန်ကူးခြင်းကိစ္စ လှေစီးဒုက္ခသည်များကိစ္စ နှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားမှုများ မဖြစ်ပေါ်စေရန်နှင့် မြန်မာနိုင်ငံအတွင်း လူမျိုးစုအရေးပဋိပက္ခများ မကြီးထွားစေရန် ရည်ရွယ်၍ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ ဇွန်လ ၃ ရက် ရက်စွဲဖြင့် စာပေးပို့ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်နာယကက ပြောကြားသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို တစ်နည်းမဟုတ် တစ်နည်း ထိခိုက်နိုင်စေတဲ့ အလားအလာများ မြင်တွေ့ နေရတဲ့အတွက် ဒီမိုကရေစီနိုင်ငံ ထူထောင်ရန် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် မြန်မာနိုင်ငံအပေါ် မှန်ကန်မျှတစွာ ပြောဆိုပြုမူဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယကက ပြောသည်။
အဆိုပါ မေတ္တာရပ်ခံစာတွင် “ယခုအခါ လူကုန်ကူးခြင်းကိစ္စ၊ လှေစီးဒုက္ခသည်များ နှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားမှုများ မဖြစ်ပေါ်စေရန်၊ မြန်မာနိုင်ငံအတွင်း လူမျိုးစုအရေး ပဋိပက္ခများ မကြီးထွားစေရန်၊ ပြည်တွင်းပြည်ပ နှင့် နိုင်ငံတော်အဖွဲ့အစည်းများက အထူးအလေးပေးစေလိုပါသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့လုံခြုံရေး နှင့် တည်ငြိမ်ရေးကို ဦးတည်ပြီး နိုင်ငံတကာ အသိုက်အဝန်းက ပြဿနာကို ဓမ္မဓိဌာန်ကျကျ ဖြေရှင်းရေးကို အဓိကထားကာ ဘက်လိုက်မှု ကင်းစွာဖြင့် ချဉ်းကပ်ရန် လိုပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ ပိုမိုခိုင်မြဲစေရန် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် တိုင်းရင်းသားများ၏ စရိုက်လက္ခဏာများကိုပါ ထည့်သွင်းစဉ်းစားပြီး အဘက်ဘက်မှ အပြုသဘောဖြင့် ဆောင်ရွက်ပေးခြင်းဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာ မြှင့်တင်နိုကြပါစေ။ တည်ကြည်ဖြောင့်မတ်စွာဖြင့် --- သူရဦးရွှေမန်း” --ဟု ပါရှိကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ဖတ်ပြသည်။
No comments:
Post a Comment