နန်းဆိုင်နွမ်
ရှမ်းပြည်နယ် တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာတွင် ရွှေတူးဖော်ခြင်းကြောင့် လယ်ယာမြေများ ပျက်စီးနေပြီး ပြန်လည် ပြုပြင် ပေးခြင်းလည်း မရှိသဖြင့် လယ်ယာစိုက်ပျိုးနိုင်ရန် အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။
လယ်မြေများ ပျက်စီးဆုံးရှုံးမှုကြောင့် ရွှေတူးဖော်သည့် ကုမ္ပဏီများ လုပ်ငန်း လုံးဝရပ်ဆိုင်းရန်၊ ပျက်စီးသွားသော လယ်ယာမြေများ ပြန်လည် ပြုပြင်ပေးရန်နှင့် လျော်ကြေး ငွေပေးရန်တို့ကို ရှမ်းပြည်နယ် အစိုးရ အဖွဲ့၏ သတ္တုတွင်းနှင့် သစ်တောဝန်ကြီးဌာနသို့ တောင်းဆိုထားကြောင်း ဒေသခံတချို့က ဧရာဝတီသို့ ပြောဆိုသည်။
နားဟိုင်းလုံရွာခံ နန်းလာက“ရွာအနီးမှာ လုပ်နေတဲ့ ကုမ္ပဏီ ၃ ခုမှာ တခုပဲ ရပ်ဆိုင်းသေးတယ်။ လျော်ကြေးငွေ ကတော့ စိုက်ပျိုးသီးနှံ ၁၆၈ ဧကပဲ ရသေးတယ်။ လယ်တွေ ပြန်ပြင်ဖို့ကတော့ လုံးဝ မလုပ်သေးဘူး။ ကျမတို့ ဒီ နှစ်မှာလည်း လယ်တွေကို စိုက်ပျိုးလို့ မရဘူး။ တကယ်လို့ စိုက်ပျိုးရေး မလုပ်နိုင်ဘူးဆိုရင် ကျမတို့တွေက ဒီ လယ်တွေကိုပဲ လုပ်စားတဲ့အတွက် ဒီလယ်မှ မရှိရင် စားဝတ်နေရေးအတွက် ခက်ခဲနိုင်တယ်”ဟု ပြောသည်။
ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် ပျက်စီးသွားသည့် မြေဧက ၃၀၀ အတွက် သီးနှံလျော်ကြေးပေးရန် တောင်းဆိုထားသော် လည်း ၁၆၈ ဧကသာ တဧကလျှင် ကျပ် ၆ သိန်း ၆သောင်းနှုန်းဖြင့် လျော်ကြေး ရရှိခဲ့ကြောင်း၊ ကုမ္ပဏီများ အနေဖြင့် လယ်မြေများအပေါ်တွင် သဲနုန်းများ ဖုံးလွှမ်းမှုကို ဆယ်ထုတ်ပေးရန် လိုသေးကြောင်းလည်း နန်းလာက ပြောဆိုသည်။
နန်းဟိုင်းလုံ ကျေးရွာ တောင်သူလယ်သမား ကွန်ရက်မှ စိုင်းနွံကလည်း“ရွာသားတွေကတော့ လယ်မလုပ်ရတော့ စားဖို့ ခက်ခဲ တာပေါ့။ ကုမ္ပဏီတွေကလည်း သဲနုန်းတွေ လာမဆယ်ပေးသေးဘူး။ လယ်တွေ အမြန်ပြုပြင် ပေးဖို့ တောင်းဆိုချင်ပါတယ်။ လက်ရှိ ခိုးလုပ်နေတဲ့ ကုမ္ပဏီတွေကိုလည်း လုံးဝအပြီးသပ် ရပ်ဆိုင်းပေးစေချင်ပါတယ်”ဟု ပြောသည်။
ရှမ်းပြည်နယ် အစိုးရ အဖွဲ့ သတ္တုတွင်းနှင့် သစ်တော ဝန်ကြီးဌာန ဝန်ကြီး စိုင်းအိုက်ပေါင်းက လယ်ယာမြေ ပျက် စီးမှုများအတွက် ၂၀၁၄ ခုနှစ်၊ သြဂုတ်လအတွင်းက ဒေသခံများကို တွေ့ဆုံခဲ့ပြီး ပျက်စီးသည့် လယ်မြေများ အတွက် လျော်ကြေးငွေများ ပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ ထို့ပြင် ရွှေတူးဖော်ရေး လုပ်ငန်းများကို လုံးဝရပ်ဆိုင်းရန်နှင့် ၂၀၁၅ ခုနှစ် မေလ ၂၈ ရက်နေ့တွင်လည်း နန်းဟိုင်း လုံ ကျေးရွာသို့ လာရောက် စစ်ဆေးပြီး ပျက် စီးနေသည့် လယ်များ ပြန်ပြင်ပေးရန် ညွန်ကြားခဲ့သည်ဟု ဒေသခံများက ဧရာဝတီကို ပြောပြသည်။
တာချီလိတ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက“ကျနော်တို့ ပြန်လည် ပြုပြင်ပေးဖို့အတွက် ဒီလ ၁ ရက်နေ့ကစပြီး ကွင်းဆင်း စစ်ဆေးနေပါတယ်။ ပြန်ပြင်ပေးဖို့ ကုမ္ပဏီတွေကိုလည်း ပြောထားပါတယ်။ ကွင်းဆင်း စစ်ဆေးဖို့လည်း အဖွဲ့တွေ ဖွဲ့ထားပါတယ်။ လောလောဆယ်တော့ ချောင်းတွေကို ပြင်ပေးပြီးသွားပါပြီ”ဟု ပြောဆိုသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ရွှေတူးဖော်ရေး လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၆၃ ခု ရှိပြီး နားဟိုင်းလုံ ဒေသတွင် စိုင်းတစ်၊ စိုင်း စိုက်ပျိုးရေး၊ လွယ်ခမ်းလုံ စသည့်ကုမ္ပဏီများအပါအဝင် ကုမ္ပဏီ ၁၀ ခုကျော်က ရွှေတူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်နေကြပြီး လက်ရှိမှာ စိုင်းတစ် ကုမ္ပဏီမှာ လုပ်ငန်းခွင် ရပ်စဲထားကြောင်း ဒေသခံများက ဆိုသည်။
ယခင်က ထိုဒေသတွင် ရွှေတူးဖော်မှုလုပ်ငန်းကို တပိုင်တနိုင် လုပ်ဆောင်ခဲ့ကြသေ ၂၀၀၇ ခုနစ်မှ စတင်၍ ကုမ္ပဏီကြီးများ ဝင်ရောက်လာပြီး စက်ကြီးများဖြင့် တူးဖော်လုပ်ကိုင် လာကြကြောင်းလည်း သိရသည်။

No comments:
Post a Comment