Saturday, June 6, 2015

မန္တလေးမြို့တွင်း တရားမဝင် နှင့် စည်းကမ်းဖောက်ဖျက်သည့် အရက်ဆိုင် ၁၀၀ ကို အရေးယူထား

အောင်ကိုဦး

မန္တလေးခရိုင် ခုနှစ်မြို့နယ်အတွင်းရှိ အရက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးပြီး လိုင်စင်မဲ့ ဖွင့်လှစ်နေသော တရားမဝင်ဆိုင်များနှင့် စည်းကမ်းဖောက်ဖျက်ထားသည့် အရက်ဆိုင် ၁၀၀ အား အရေးယူဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ဟု မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင် က ပြောသည်။

"မြို့နယ်အလိုက် အပတ်စဉ် ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်နေတယ်။ ကျွန်တော်တို့ ယစ်မျိုးကြီးကြပ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ဆေးပါတယ်။ လိုင်စင်မဲ့ ရောင်းချနေတာတွေလည်း ပါတယ်။ တစ်ချို့က အရက်ဖြူလိုင်စင်နဲ့ နိုင်ခြားဖြစ်အရက်တွေ ရောင်းနေကြတယ်။ အဲဒါကတော့ စည်းကမ်းမဲ့ ဆိုင်တွေပေါ့။ အဲလိုဆိုင်တွေကို အရေးယူတာပါ။ "ဟု ဦးဝင်းဇော်နိုင် က ပြောသည်။

၂၀၁၅ခုနှစ် မေလ အတွင်းတွင် ကွင်းဆင်းစစ်ဆေးမှု အကြိမ် ၃၀ ပြုလုပ်ရာတွင် အရက်ဆိုင်ပေါင်း ၁၄၃ ဆိုင်ကို စစ်ဆေးခဲ့ပြီး ၁၀၈ကို အရေးယူဖမ်းဆီးခဲ့သည်ဟု ဦးဝင်းဇော်နိုင် ကဆိုသည်။

မန္တလေးခရိုင်ရှိ ခုနှစ်မြို့နယ်အတွင်း လိုင်စင်ချပေးထားသော အရက်ဆိုင်ပေါင်း ၂၇၉၁ ဆိုင်ရှိကာ လိုင်စင်အသစ် ထပ်မံချပေးမှု မရှိတော့ဟုလည်း ဦးဝင်းဇော်နိုင် ကဆိုသည်။

"လိုင်စင်အသစ် လုံးဝချထားမပေးတော့ပါဘူး။ အရက်လိုင်စင် အဆင့်မြင့်တာတွေကိုတော့ ခွင့်ပြုပါတယ်။အရက်ဖြူရောင်းချခွင့် လိုင်စင်ကနေ နိုင်ငံခြားအရက် ရောင်းချခွင့်လိုင်စင် ပြောင်းတာမျိုးပေါ့။

ဒီလိုလိုင်စင်ပြောင်းတဲ့အခါမှာလည်း အနိမ့်ကနေ အမြင့်ကိုပဲ ပြောင်းလို့ရပါတယ်။ အမြင့်ကနေ အနိမ့်လိုင်စင်ကိုတော့ ပြောင်းလို့မရပါဘူး။ အဲဒါမျိုးကို လက်မခံပါဘူး"ဟု ဦးဝင်းဇော်နိုင်က ပြောသည်။

မန္တလေးခရိုင် အတွင်းတွင် လိုင်စင်မဲ့ အရက်ဆိုင်များ ဖွင့်လှစ်ရောင်းချနေခြင်းများနှင့် စည်းကမ်းဖောက်ဖျက်သော အရက်ဆိုင်များကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများတွင် သတင်းပို့ တိုင်ကြားလာပါက ချက်ခြင်းကွင်းဆင်းစစ်ဆေးကာ အရေးယူသွားမည်ဟု ၎င်းကပြောသည်။

No comments: