ကျော်စိုးမိုး
လိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် အဆိုတော် တစ်ဦး၏ မိခင်ဒေါ်ဆွေဆွေအုန်း အမှုအတွက် ပြန်ခေါ်သက်သေ တစ်ဦးကို စစ်ဆေးရန် ချိန်းဆိုထားသည်ဟု အမှုကို တရားလိုပြု တိုင်တန်းထားသည် တေးသံရှင် မြန်မာပြည် သိန်းတန်၏ ဇနီးဖြစ်သူ ဒေါ်နုနန္ဒာသန်းကဇွန် ၁၅ ရက်တွင် ပြောသည်။
“သူတို့ဘက်က အာမခံလျှောက်တာကို အန်တီ့ရှေ့နေနဲ့ မြို့နယ် ဥပဒေအရာရှိက ကန့်ကွက်တဲ့အတွက် အာမခံ မရပါဘူး။ လာမယ့် ရုံးချိန်းမှာ ပြန်ခေါ်သက်သေ တစ်ဦးကို စစ်ဆေးသွားမှာပါ” ဟု ၎င်းက ပြောသည်။
အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က လက်ဝတ်ရတနာပစ္စည်းများ ကျပ်သိန်း နှစ်ထောင်ဖိုးနှင့် ငွေသိန်းလေးရာ စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၂,၄၀၀ ကျော်ဖိုးခန့် လိမ်လည်ခြင်းခဲ့ရသဖြင့် ဒေါ်ဆွေဆွေအုန်းကို အရေးယူပေးပါရန် ဒေါ်နုနန္ဒာသန်းက တရားလိုပြု တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
အမှုကို ၂၀၁၄ ခုနှစ်အတွင်း စမ်းချောင်းမြို့နယ် တရားရုံးတွင် ဒေါ်ဆွေဆွေအုန်းကို တရားစွဲဆို တင်ပို့ခဲ့ပြီး စွဲချက်တင် ခံထားရသည့် ပြစ်မှုပုဒ်မ ၄၂၀ ကို ၎င်းက မကျေနပ်သဖြင့် စွဲချက်ပုဒ်မ ပြင်ဆင်ပေးရန် ၂၀၁၅၊ ဖေဖော်ဝါရီ ၂၅ ရက်က အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်တင်ခဲ့သေးသည်။
သို့သော်လည်း အမှုကို မူလစွဲချက်ဖြင့်သာ ဆက်လက်စစ်ဆေးရန် အနောက်ပိုင်းခရိုင် တရားရုံးက မေ ၂၆ ရက်တွင် အမိန့်ချပြီးနောက် စမ်းချောင်းမြို့နယ် တရားရုံးတွင် ဇွန် ၁၅ ရက်၌ စတင်စစ်ဆေးနေကာ လာမည့် ဇွန် ၂၉ ရက်တွင် ပြန်ခေါ်သက်သေ တစ်ဦးကို စစ်ဆေးရန် ရုံးချိန်း ချိန်းဆိုထားသည်။
ဒေါ်ဆွေဆွေအုန်းသည် နာမည်ကြီး အနုပညာရှင်၊ စီးပွားရေး လုပ်ငန်းရှင်များထံမှ ကျပ်သိန်းပေါင်းများစွာ လိမ်လည်ထားမှုများ ရှိနေပြီး တရားစွဲရန် စီစဉ်နေသူများလည်း ရှိနေသည်ဟု ၎င်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။
နာမည်ရ အမျိုးသမီး အဆိုတော် တစ်ဦး၏ မိခင် ဒေါ်ဆွေဆွေအုန်းသည် ကျပ် သိန်း ၃၀၀ ကျော်တန်ဖိုးရှိ ဆောက်လုပ်ရေး ပစ္စည်းများကို အလွဲသုံးစားပြုမှု ပုဒ် မ ၄၀၆ ဖြင့် ၂၀၁၄၊ ဒီဇင်ဘာလအတွင်းက ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးတွင် ထောင်ဒဏ်တစ်နှစ်ခွဲ ကျခံစေရန် အမိန့်ချမှတ်ခံထားရသူ တစ်ဦး ဖြစ်သည်။
No comments:
Post a Comment