Wednesday, June 3, 2015

တားမြစ်ကာလအတွင်း ငါးဖမ်းသင်္ဘော ၁၀၀၀ ကျော် ပြန်လည်ဖမ်းဆီးခွင့်ပြု

မေစိုးစံ

ပင်လယ်ပြင် ငါးသယံဇာတ ထိန်းသိမ်းရန် ရည်ရွယ်ပြီး ငါးဖမ်းဆီးခွင့် ၃ လ ကြာ ပိတ်ပင်ထားရာမှ ရေလုပ်ငန်း လုပ်ကိုင်သူများ၏ တောင်းဆိုမှုကြောင့် ပင်လယ်ငါးဖမ်းသင်္ဘော အစီးရေ ၁၀၀၀ ကျော်ကို ပြန်လည် ဖမ်းဆီးခွင့်ပြုလိုက်ကြောင်း သိရသည်။

“လုပ်ငန်းတွေကို လုံးဝပိတ်ဖို့ လွှတ်တော်ကနေ ဆုံးဖြတ်ခဲ့တာ။ ကျနော်တို့က ၀န်ကြီးဌာနကို တ၀က်လောက်တော့ လုပ်ကိုင်ခွင့်ပြုဖို့ စာတင်ခဲ့တယ်။ အခု ဇွန် ၁ ရက်က စပြီး ဖမ်းဆီးခွင့်ကို လုံးဝပိတ်ရာက ဖြေလျှော့ပေးလိုက်တယ်။ သဘောင်္အစီးရေ ၂၀၀၀ ကျော်ရှိတဲ့ အထဲက ငါးဆယ်ရာခိုင်နှုန်း နီးပါးကို လုပ်ကိုင်ခွင့် ပြန်ပေးလိုက်တယ်”ဟု မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောသည်။

ပင်လယ်ပြင် ငါးဖမ်းခွင့် ကာလကို ယခင်နှစ်များက မေလနှင့် ဇွန်လများ၌သာ ပိတ်ထားခဲ့ရာမှ ယခုနှစ်တွင် ငါးဖမ်းကာလကို ဇွန်၊ ဇူလိုင်၊ သြဂုတ် လများတွင်ပါ ပိတ်ထားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ငါးဦးစီးဌာနက မေလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပင်လယ်ပြင် ငါးဖမ်း လုပ်ကိုင်ခွင့်ပြုလိုက်သည့် သင်္ဘောစီးရေသည် ရန်ကုန်တိုင်းမှ ၄၀၀၊ တနသာင်္ရီတိုင်းမှ ၃၈၀၊ ဧရာဝတီတိုင်းမှ ၂၀၀ နှင့် ရခိုင်ပြည်နယ်မှ ၄၀ စုစုပေါင်း သင်္ဘောအစီးရေ ၁၀၀၀ ကျော်ကို ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ဦးမောင်မောင်စိုးက ပြောသည်။

ဧရာဝတီတိုင်းမှ ပင်လယ်ငါးဖမ်း သင်္ဘောတွင်လုပ်ကိုင်နေသည့် ရေလုပ်သား ကိုကျော်လင်းထိုက်က“ပင်လယ်တခါ ထွက်ရင် အချိန် ၃ လကြာတယ်၊ ကျနော့်ကို နှစ်ချုပ်နဲ့ ငှားထားတော့ ရာသီပိတ်လည်း ကျွမ်းကျင်လုပ်သား အဖြစ်နဲ့ခန့်ထားလို့ ပြဿနာ သိပ်မရှိပေမယ့် နေ့စားလုပ်သားတွေက အကြပ်အတည်း ဖြစ်တာပေါ့ ကျနော့်လက်အောက်မှာကို နေ့စားက ၂၅ ယောက်လောက် ရှိတယ်” ဟု ပြောသည်။

ငါးဖမ်းဆီးခွင့်ကို ၃ လကြာ ကာလအတွင်း လုံးဝခွင့်မပြုပါက ၎င်းလုပ်ငန်းနှင့် ဆက်စပ်နေသည့် အအေးခန်းစက်ရုံများပါ လုပ်ငန်း ရပ်ဆိုင်းသွားနိုင်ပြီး အအေးခန်းစက်ရုံ လုပ်သားများနှင့် ငါးဖမ်းရေလုပ်သားများ ၀င်ငွေမရှိသဖြင့် အခက်အခဲများ ဖြစ်ပေါ်ပြီး ယခု ကဲ့သို့ လုပ်ကိုင်ခွင့်ရရန် ပြန်လည်တောင်းဆိုရခြင်း ဖြစ်သည်ဟု ရေလုပ်ငန်း လုပ်ကိုင်သူ တချို့က ပြောဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ အအေးခန်း စက်ရုံ ၅၀ ကျော်ရှိသည့်အနက် ၃၀ ခန့်သည် ပင်လယ်ငါးဖမ်းလုပ်ငန်းကို အဓိက ထား လုပ်ကိုင်ခြင်းဖြစ်ပြီး ငါးဖမ်းစက်လှေပေါ်တွင် အလုပ်လုပ်သည့် ရေလုပ်သားဦးရေ ၁၈၀၀၀ ခန့် ရှိကြောင်း မြန်မာနိုင်ငံ ပင်လယ် ငါးလုပ်ငန်းရှင်များ အသင်း၏ စာရင်းမှတ်တမ်းအရ သိရသည်။

မြန်မာနိုင်ငံ၏ ငါးဖမ်းပိုင်နက် ရေပြင် ဧရိယာသည် စတုရန်း ကီလိုမီတာ ၄၈၆,၀၀၀ ရှိပြီး၊ တရားဝင် ငါးဖမ်းလုပ်ကိုင်နေသည့် ရေယာဉ် စုစုပေါင်း ၂၅၉၄ စင်း ရှိကြောင်း ထိုမှတ်တမ်းတွင် ဖော်ပြထားသည်။

၁၉၉၀ ပြည့်နှစ် နောက်ပိုင်းကာလမှ စတင်ပြီး ငါးဖမ်းခွင့်ပိတ်သည့် ရာသီကို သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာငါးဖမ်းသင်္ဘောများ နှင့် ဖက်စပ် လုပ်ကိုင်နေသည့် နိုင်ငံခြား ငါးဖမ်းသင်္ဘောစီးရေ ၅ စီးရှိပြီး ဖက်စပ်လုပ်ကိုင်နေသော နိုင်ငံခြား ငါးဖမ်းသင်္ဘော အများစုသည် ထိုင်းနိုင်ငံမှ ငါးဖမ်းသင်္ဘောများ ဖြစ်သည်ဟုလည်း ဆိုသည်။

ငါးလုပ်ငန်း ဦးစီးဌာနနှင့် နော်ဝေ သုတေသန သင်္ဘောတို့၏ လေ့လာတွေ့ရှိချက်များအရ မြန်မာ့ပင်လယ်ပြင် ရေအပေါ်ပိုင်းတွင် ကျက်စားသွားလာသည့် ငါးသယံဇာတမှာ ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း၊ ရေအောက် ကြမ်းပြင်ပိုင်းတွင် ကျက်စားသွားလာ သည့် ငါးသယံဇာတသည် ၃၅ ရာခိုင်နှုန်းသာ ကျန်ရှိသည်ကို တွေ့ရှိရသည့် အတွက် ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရန် ငါးဖမ်းခွင့်ရာသီ ပိတ်ပင်ခြင်းကို သတ်မှတ်ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း သိရသည်။

No comments: