သစ်နေမိုး
မန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီ၊ စားသုံးဆီနှင့် ဘိလပ်မြေ တင်သွင်းသူများ အတွက် လိုအပ်သော အမေရိကန် ဒေါ်လာ များကို ဗဟိုဘဏ်၏ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇွန်လ ၁၆ ရက်နေ့ နေပြည်တော်တွင် သွင်းကုန်လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူများ တွေ့ဆုံ ခဲ့ပြီး နောက် ဗဟိုဘဏ်က ယင်းသို့ သွင်းကုန် ၃ မျိုးအတွက် အမေရိကန်ဒေါ်လာ ထုတ်ရောင်းပေးမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ် ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူ သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရှိရသည်။
နေပြည်တော် တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ Max Energy ကုမ္ပဏီမှ တာဝန်ရှိသူတဦးက “ဘာဖြစ်လို့ ဒီသွင်းကုန် ၃မျိုးပဲ ရွေးတာ လည်းဆိုတော့ ဒီ ၃မျိုးက သွင်းကုန် Import လုပ်နေတာမှာ အများဆုံးငွေပမာဏနဲ့ ဖြစ်နေလို့ပေါ့။ ဗဟိုဘဏ်က ကျနော်တို့ဆီကို တိုက်ရိုက်ရောင်းပေးမှာတော့မဟုတ်ဘူး။လက်ရှိလုပ်နေတဲ့ ပုဂ္ဂလိကဘဏ်တွေကနေ ရောင်းပေးမယ်ပေါ့” ဟု ပြောသည်။
ဗဟိုဘဏ်က သွင်းကုန် ၃ မျိုးအတွက် အမေရိကန်ဒေါ်လာများ ရောင်းချပေးရာတွင် အမှန်တကယ် တင်သွင်းသူ ဟုတ်၊ မဟုတ် သေချာစွာ စိစစ်ပြီးမှသာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို မကြာမီ စတင်မည်ဖြစ်ကြောင်း သိရှိရသည်။
“ဒီအစီအစဉ်မြန်မြန် ပေါ်ပါစေပဲ ကျနော်တို့ကဆုတောင်းတာ။ဒါပေမယ့် ဘဏ်တွေနဲ့ လုပ်မယ်ဆိုတော့ ဘဏ်တွေမှာ capacity ရှိဖို့လိုတာပေါ့။ ဗဟိုဘဏ်နဲ့ ဘဏ်တွေကြားမှာ ကျနော်တို့သွင်းတဲ့သူတွေကို အမှန်တကယ် သွင်းမသွင်း စစ်တာနဲ့တင် ၅ရက်လောက်ကြာသွားရင်တော့ အဆင်မပြေဘူး” ဟု Max Energy မှ တာဝန်ရှိသူက ဆိုသည်။
သွင်းကုန် ၃ မျိုးအတွက် ဗဟိုဘဏ်က ဒေါ်လာရောင်းချပေးခြင်းဖြင့် ဈေးကွက်အတွင်း ၀ယ်လိုအား ရောင်းလိုအား အနည်းငယ် ပြန်လည်မျှတသွားနိုင်သည့်အပြင် ငွေကြေးလဲလှယ်နှုန်းထားများလည်း အတိုင်းအတာတခုအထိ တည်ငြိမ်သွားဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်သည်။
မြန်မာ့ရှေ့ဆောင်ဘဏ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က “ငွေဈေးကတော့ ဒီနေ့ နောက်ဆုံးရတဲ့ သတင်းပေါ့နော်၊ အဓိက သွင်းကုန် အမျိုး အစားတွေ ဖြစ်တဲ့ စားသုံးဆီနဲ့ စက်ဆီပေါ့လေ၊ အဲ့ဒီအတွက်ကို ဗဟိုဘဏ်ကနေပြီး လိုအပ်တဲ့ နိုင်ငံခြားငွေကို ထုတ် ရောင်းချပေးမယ်လို့ သိရတယ်။ ဒီလိုသာ မှန်မယ်ဆို ဒါဘာပဲဖြစ်ဖြစ် ရောင်းလိုအား ၀ယ်လိုအားကို ချိန်မျှ ပေးမယ် ဆိုရင် တော့ ငွေဈေးဟာ ပြန်ပြီး တည်ငြိမ်လာမယ်လို့ မှန်းဆရတယ်။ သူတို့ စာရင်းကောက်နေတာကတော့ ၁လကို ဘယ် လောက် တန်ချိန် တင်သွင်းသလဲ။ ဘယ်ဘဏ်တွေနဲ့ တင်သွင်းနေသလဲ။ ဒီဒေတာတွေကောက်နေတယ်။ ကောက် နေတဲ့ အပေါ် မှာ မူတည်ပြီးတော့ လုပ်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းသည် ဇွန်လ ၁၀ရက်နေ့က တဒေါ်လာ မြန်မာကျပ်ငွေ ၁၃၀၀ ကျပ်အထိ ထိုးတက်သွားခဲ့ပြီး လတ်တလော တဒေါ်လာလျှင် ၁၂၀၀ ကျပ်ဝန်းကျင် ဈေးပေါက်လျက်ရှိသည်။
ငွေလဲနှုန်းများ အတက်အကျကြမ်းခဲ့မှုကြောင့် သွင်းကုန်များဖြစ်သည့် ဆေးပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းနှင့် အိုင်တီပစ္စည်း၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခဲ့ပြီး အထွေထွေကုန်ဈေးနှုန်းတက်ရေးဆီသို့ ဦးတည်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံသို့ တလလျှင် ဒီဇယ်တန်ချိန် ၁သိန်းခွဲမှ ၂သိန်း တင်သွင်းလေ့ရှိပြီး ဓာတ်ဆီတန်ချိန်မှာ တလလျှင် တန်ချိန် ၅သောင်းနှင့် ၇သောင်းအကြား တင်သွင်းကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများ အသင်းမှ သိရှိရသည်။

No comments:
Post a Comment