Friday, June 12, 2015

လိုင်ဇာရှိ ဒုက္ခသည်စခန်း သုံးခုတွင် လူဦးရေ ၅၀၀ ခန့် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရဟုဆို

ခင်မြတ်မြတ်ဝေ

ကချင်ပြည်နယ် လိုင်ဇာဒေသရှိ ဂျောရမ်၊ ဝမ်ချောင်၊ ဖလိုရှောင် စစ်ဘေးရှောင် စခန်းသုံးခုရှိ လူဦးရေ တစ်သောင်းခွဲနှင့် နှစ်သောင်းဝန်းကျင်အနက် အယောက် ၅၀၀ ကျော်မှာ HIV ကူးစက်ခံနေရသူများ ဖြစ်သည်ဟု မေတ္တာဖောင်ဒေးရှင်း၏ စီမံချက်ညှိနှိုင်းရေးမှူး ဂွမ်ရှာအောင်က မဇ္ဈိမကို ပြောသည်။

"ရွာက လက်ခံအောင်တော့ တော်တော်လေး လုပ်ယူရတယ်။ အခု camp (စခန်း)မှာ လက်ခံဖို့ အနေအထားမှာ တော်တော်ကို ကြိုးစားနေရတယ်။ အကြမ်းဖျင်းတော့ လေးရာနှင့် ငါးရာရှိတယ်။ ဒီထက်များဦးမယ်" ဟု ၎င်းက ပြောသည်။

HIV ကူးစက်ခံရသူများထဲတွင် အသက်လတ်ပိုင်း အမျိုးသား၊ အမျိုးသမီးများဖြစ်သည်ဟု စစ်ဘေးရှောင် စခန်းများကို လွန်ခဲ့သည့် ခုနှစ်လအတွင်းက ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာက သိရှိခဲ့ရခြင်း ဖြစ်သည်။

အစိုးရ ထိန်းချုပ်ထားသည် ဒေသများရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း HIV ကူးစက်ခံရသူများ ရှိခဲ့ပြီး ၎င်းတို့အတွက် မြစ်ကြီးနား၊ မိုးကောင်း၊ ဝိုင်းမော်တို့တွင် နားခိုရာ စင်တာများကို ဖွင့်လှစ်ထားပြီး ဆေးကုသမှု၊ ဆေးပေးဝေမှုများ ရှိသည်။

KIO ထိန်းချုပ်ဒေသရှိ HIV ကူးစက်ခံရသူများအတွက်မူ နယ်စည်းမခြား ဆရာဝန်များ အသင်းက ဆေးထောက်ပံ့မှု ရှိသော်လည်း ပိုးကူးစက်ခံရသူများအတွက် ချိတ်ဆက်ဆောင်ရွက်ပေး နိုင်မှု မရှိခြင်းနှင့် စခန်းအတွင်း ခွဲခြားဆက်ဆံခံရမှုများကြောင့် ဆေးကုသမှု မခံယူသူများ ရှိသည်ဟု Wunpawng Ninghtoi (WPN) မှ ဒေါ်မေရီယမ်က ပြောသည်။

"တချို့ KIO ထိန်းချုပ်တဲ့ နယ်နိမိတ် ဧရိယာအတွင်းမှာ ရှိတယ်။ တိုက်ပွဲဖြစ်တော့ ကစင့်ကလျား ဖြစ်သွားတယ်။ တချို့ဆို ဆေးထုတ်စားဖို့တောင် မရှိတော့ဘူး။ အခြေခံ စားသောက်ကုန်တောင် ခက်ခဲနေ တော့ အဲဒီလိုဟာမျိုးကျတော့ အချိန်ယူဆောင်ရွက်ရမှာဆိုတော့ ခက်ခဲတယ်" ၎င်းက ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း စစ်ရှောင် စခန်းပေါင်း ၁၇၂ ခုရှိပြီး စစ်ရှောင်ပြည်သူ တစ်သိန်းနှစ်သောင်းတွင် ကုလသမဂ္ဂက ထောက်ပံ့ငွေ လျှော့ချပေးမှုကြောင့် စားနပ်ရိက္ခာ ပြတ်လပ်ဖွယ် ကြုံတွေ့ခံစားနေရသည်။

No comments: