Monday, June 8, 2015

ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ စတင်ရွေးချယ်

ဖဲဘူး

ကယားပြည်နယ်တွင် လွတ်တော်သုံးရပ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများကို ပါတီတွင်း မဲပေးရွေးကောက်တင်မြောက်ပွဲ စတင်ကျင်းပ နေသည်ဟု သိရသည်။

ယခင် ၂၀၁၀ ရွေးကောက်ပွဲ တွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပါတီကိုယ်စားလှယ်များနည်းတူ အခြားဝင်ရောက်ယှဉ်ပြိုင်လိုသော ပါတီဝင်သူများရှိနေသည့်အတွက် ယခုလို မဲပေးရွေးချယ်ရခြင်းဖြစ် ကြောင်းပြည်နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကျော်ဆွေကဆိုသည်။

"သူတို့လိုမျိုးကျနော်တို့လည်း အရွေးခံချင်ပါတယ်ဆိုတဲ့ ဆန္ဒပြုလာတဲ့လူတွေလည်းရှိတယ်။ အဲဒါကြောင့် သူတို့နဲ့တူတူ ပါတီမှာ ရပ်ကျေးတို့နဲ့တူတူ လူတွေရဲ့ သဘောဆန္ဒကို ယူလိုက်တာ" ဟု ဦးကျော်ဆွေက ဆိုသည်။

ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်လိုသည့် သူများတောင်းဆိုထားသည့် မြို့နယ်များကို သွားရောက်ကာ မဲပေးရွေးချယ်သွားခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိ ပြည်နယ် ဝန်ကြီးချုပ်ဖြစ်နေသော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်မောင်ဦးကလည်း ၎င်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဘောလခဲ မဲဆန္ဒနယ်တွင်သာ ပြန်လည်ယှဉ်ပြိုင်ရန် ဆန္ဒရှိကြောင်းဆိုသည်။

"ဘောလခဲမြို့နယ်မှာရှိကြတဲ့ ပါတီဝင်တွေကနေပြီးတော့ ဘယ်သူ့ကို ရွေးကောက်ပွဲ ဝင်ဖို့ ဆန္ဒရှိသလဲဆိုတာ လာရောက်တောင်းခံတာ။ သူတို့ ကြိုက်တဲ့သူ၊ သူတို့ဆန္ဒရှိတဲ့သူကို သူတို့ကရွေး အဲဒီလူကို ကျနော်တို့က အဲနေရာမှာ ပြည်ခိုင်ဖြိုးကိုယ်စားပြု ပြိုင်ခိုင်းမယ်" ဟု ဦးခင်မောင်ဦးက ဆိုသည်။

ယခုလို ပါတီကိုယ်စားပြုမည့် ကိုယ်စားလှယ်လောင်းများကို ဒီမိုကရေစီ နည်းလမ်းကျကျ မဲပေးရွေးချယ်ခဲ့ကြကြောင်း ပါတီဝင် ဦးစိုးထွန်းက ပြောသည်။

"ကျနော်ကတော့ ပြည်နယ်ဝန်ကြီးက ဦးဝီလျှံ၊ ဒီအမျိုးသားကျတော့ ဦးမြင့်သိန်း အဲလိုပေါ့" ဟု ဦးစိုးထွန်း က ဆိုသည်။

ဒီးမော့ဆိုမြို့နယ်အတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်များကို ဇွန်လ ၂ ရက်က ပြုလုပ်သော ရွေးကောက်ပွဲ မန်နေဂျာ လုပ်ငန်းခွင် ဆင့်ပွားသင်တန်းတွင် ပါတီအတွင်းရှိသူများမှ မဲပေးရွေးချယ်မှုများ ပြုလုပ်ခဲ့သည်။

၎င်းပါတီကိုယ်စားလှယ်လောင်းများ မဲပေးဆုံးဖြတ်သည့်ဆွေးနွေးပွဲတွင် အခြားပါတီဝင်မဟုတ်သူများ ကလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments: