မေစစ်ပိုင်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် နယ်မြေအနီးရှိ မြစ်ချောင်းများမှ ရေများတွင် လူကို အန္တရာယ် ဖြစ်စေနိုင် သည့် အာဆင်းနစ် ( စိန်ဓာတ်) များ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း စိမ်းလန်းအမိန်မြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်း(Eco dev) ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောသည်။
လှိုင်သာယာ စက်မှုဇုန် ပတ်လည်ရှိ ရေမြောင်းများဆုံရာ နေရာများနှင့် ဇုန်အလယ် ရေစီးမြောင်း တလျှောက်ရှိ အဓိက နေရာ ၁၃ နေရာမှ ရေနမူနာများကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် ဧပြီလ အထိ ၁၅ လ ခန့် ဆက်တိုက် ရေ အရည် အသွေး စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ရေများတွင် လူကို အန္တရာယ် ဖြစ်စေနိုင်သည့် အာဆင်းနစ်ဓာတ် (စိန်ဓာတ်) များ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။
“လှိုင်သာယာဘက်နားက မြစ်ချောင်းတွေကို စစ်ဆေးကြည့်တော့ အာဆင်းနစ်လို အရာမျိုးကို တွေ့နေတယ်။ ရေငန် ချောင်း တွေ၊ မြောင်းတွေကို တိုင်းတာရာမှာ အာဆင်းနစ်ပါ ထွက်နေတော့ စိုးရိမ်တယ်။ အိမ်သုတ်ဆေး စက်ရုံတွေက ထွက်သလားပေါ့။ ဒါတွေကိုတော့ ကျနော်တို့ဆက်ပြီး ကြည့်ရမှာပေါ့” ဟု ဦးဝင်းမျိုးသူက ရှင်းပြသည်။
စိမ်းလန်းအမိမြေဖွံ့ဖြိုး တိုးတက်ရေးအသင်း (Eco dev) သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို လှုပ် ရှား ဆောင်ရွက်နေသည့် အဖွဲ့တဖွဲ့ဖြစ်ပြီး လှိုင်သာယာ စက်မှုဇုန် နယ်မြေအနီးရှိ မြစ်ချောင်းများမှ ရေများကို စမ်းသပ် စစ်ဆေး ရန် အစိုးရ၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ရေများကို Eco dev ၏ ဓာတ်ခွဲခန်းတွင် စမ်းသပ် စစ်ဆေး ခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။
အာဆင်းနစ်သည် ပိုးသတ်ဆေးများ၊ ကြွက်သတ်ဆေးများ၊ သုတ်ဆေးများတွင်လည်းကောင်း မှန်အနောက်နှင့် ကြွေရည် သုတ် ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်းကောင်း အသုံးပြုကြပြီး လူကို အန္တရာယ်ဖြစ်စေကာ ပါးစပ်၊ အစာရေမျို၊ အသံအိုး နှင့် ဆီးအိမ် ကင်ဆာများ ဖြစ်ပွားစေကြောင်း ဆေးပညာဆိုင်ရာ စာအုပ်မှတ်တမ်းများတွင် ဖော်ပြထားသည်။
လှိုင်သာယာ စက်မှုဇုန် အနီးရှိ ရေများတွင် အာဆင်းနစ်ဓာတ်အပြင် ရေနောက်ကျိမှု များခြင်း၊ နိုက်ထရိုက် ပမာဏများ နေခြင်း၊ သံဓာတ် ပမာဏာများနေခြင်း၊ ကလိုရိုက် ပမာဏနှင့် ရေစေးမှု ပမာဏမြင့်မားနေသည်ကို စစ်ဆေး တွေ့ရှိ ရ သည် ဟု စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းထံမှ သိရှိရသည်။
လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “စက်ရုံအလုပ်ရုံတွေရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ကိစ္စက အစိုးရနဲ့ ပူးပေါင်းပြီး လုပ်မှရမယ်။ စက်ရုံတွေအပေါ် တိုင်ကြားမှုတွေ နည်းနည်းပါးပါးတော့ ရောက်လာတယ်။ ရေကိုထိန်း သိမ်းတာ ဘာညာ မလုပ်ဘူး။ နံတယ်ပေါ့။ သူ့စက်ရုံက သူပိုက်ဆံရတော့ နံစော်တဲ့ဒဏ်လည်း သူတို့ခံနိုင်တာပေါ့၊ ပတ်ဝန်း ကျင်က မခံနိုင်ဘူး။ တိုင်လာတာ ရှိရင်တော့ ဌာနဆိုင်ရာနဲ့ ညှိနှိုင်းပြီးတော့ အရေးယူခိုင်းတာပေါ့။ စက်ရုံတွေမှာ ပတ်ဝန်း ကျင် ထိန်းသိမ်းမှု လုပ်ဖို့အတွက် ကုန်ကျစရိတ်က အနည်းဆုံးသိန်း ၁၀၀ လောက်က စတယ်။ ကုန်ကျစရိတ်က များ တယ်” ဟု ပြောဆိုသည်။
လှိုင်သာယာ စက်မှုဇုန်၌ စက်ရုံပေါင်း ၁၀၀၀ ကျော်၊ အလုပ်သမား ၁ သိန်းခွဲကျော် ရှိပြီး ပြည်တွင်းလုပ်ငန်းရှင်များသာမက စက်မှုဇုန်တွင် ထိုင်ဝမ်၊ ဟောင်ကောင်နှင့် ပြင်သစ်နိုင်ငံများမှ စီးပွားရေးကုမ္ပဏီများလည်း ရင်းနှီးမြှုပ်နှံကြကြောင်း သိရှိရ သည်။

No comments:
Post a Comment