Mizzima
မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ တွေ့ဆုံ ဇွန် ၁၁ရက်က တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း ထိုင်းအစိုးရက ခွင့်မပြုသဖြင့် နေ့လည်စာစားစဉ် အလွတ်သဘောသာ တွေ့ဆုံလိုက်ရသည်ဟု နှစ်ဖက် ကိုယ်စားလှယ်များက ပြောသည်။
နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရန် ချင်းမိုင်မြို့ရှိ Woodfield Resort တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ထိုင်းအစိုးရထံ အကြောင်းကြားမှု နောက်ကျခဲ့သဖြင့် ခွင့်ပြုချက် မရခဲ့ခြင်းဖြစ်ကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။
“တင်ပြတာ နောက်ကျသွားလို့ ခွင့်မပြုဘူး။ ဒါနဲ့ ရိုးရိုးထမင်းစားရင်းနဲ့ စကားပြောပြီး အဆုံးသတ်လိုက်ရတယ်။ သူတို့(ထိုင်းအစိုးရ)ကို မနေ့က တင်ပြလိုက်တာ နောက်ကျသွားလို့ ခွင့်ပြုချက်မရဘူး”ဟု ၎င်းက ပြောသည်။
အလွတ်သဘော ဆွေးနွေးရာတွင် NCCT ဘက်မှ လော်ခီးလာ ညီလာခံအတွင်း ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်း(NCA) အပေါ် ပြင်ဆင်ဖြည့်စွက်ထားသည့် အချက်များကို ရှင်းပြခဲ့သည်ဟု နိုင်ဟံသာက ပြောသည်။ တွေ့ဆုံမှုကို ဇွန် ၁၁ရက် နေ့လည် ၁၂နာရီမှ ၁နာရီအထိ ဆွေးနွေးခဲ့ကြပြီး NCCT ခေါင်းဆောင် နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်းတို့ ဦးဆောင်သော ကိုယ်စားလှယ် ၅ ဦးနှင့် MPC မှ ဦးလှမောင်ရွှေ ဦးဆောင်သော ကိုယ်စားလှယ် ၅ ဦးတို့ ပါဝင်သည်။
“သူတို့ဘက်က အဆင်မြင့် ကိုယ်စားလှယ်ဖွဲ့တယ်ဆိုတဲ့ အပေါ်မှာ သူတို့ မရှင်းဘူး။ သူတို့ မေးတယ်။ အစကနေ ပြန်ဆွေးနွေးရမှာလား။ မဟုတ်တဲ့အကြောင်း ရှင်းပြပါတယ်။ နောက် ပိတ်ဆို့မှုတွေက ဘာတွေလည်း ဆိုတာ ရှင်းပြတယ်။ ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုတွေကို သူတို့ကို ရှင်းပြတယ်။ လော်ခီးလာမှာ ချမှတ်ထားတဲ့ တချို့ပြင်ဆင်တဲ့ အချက်တွေပါ။ ၁၄ချက်၊ ၁၅ လောက်ရှိတယ်”ဟု ၎င်းက ပြောသည်။
NCCT နှင့် MPC တို့ တွေ့ဆုံဆွေးနွေးမှုများကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ ပြန်လည်တင်ပြသွားမည်ဟု MPC၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။
“ကျွန်တို့က သူတို့ အန်စီစီတီက လောခီးလာမှာ ထွက်လာတဲ့ဟာတွေကို ဝန်ကြီး ဦးအောင်မင်းဆီကို ပေးဖို့ လာယူတာပါ။ ကျွန်တော်တို့ မရှင်းတဲ့အချက်တွေ မေးတယ်။ အဲဒါတွေ ပြန်ယူသွားဖို့၊ သူတို့ဘက်က ပေးတာက ၁၂ ချက်တော့ ရှိတယ်။ ၇ ချက်က ဆွေးနွေးရမယ့် သဘောမရှိဘူး။ ကျန်တာတွေက ဝန်ကြီး ဦးအောင်မင်းတို့ပဲ စဉ်းစားရမယ့် သဘောရှိတယ်။ ကျွန်တော်တို့ကတော့ ဝန်ကြီး ဦးအောင်မင်းကို တင်ပြရမယ့် အချက်အလက်တွေနဲ့ သူတို့ ဘယ်လို စဉ်းစားသလဲ။ ဘာကြောင့် စဉ်းစားတုန်းဆိုတဲ့ အချက်တော့ ရသွားတာပေါ့”ဟု ၎င်းက ပြောသည်။
ယခုတွေ့ဆုံမှုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် NCCT ခေါင်းဆောင်များလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မကြာမီ ကာလအတွင်း တွေ့ဆုံရန်ရှိပြီး တိုင်းရင်းသား ခေါင်းဆောင် ၁၅ ဦးပါဝင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရတို့ တွေ့ဆုံနိုင်ရန် ရက်ချိန်း သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း နိုင်ဟံသာက ပြောသည်။
No comments:
Post a Comment