Thursday, June 18, 2015

အားလုံးကို ပျော်စေသူ ဘောလုံးသမားများ

သန်းနိုင်ဦး

ဇွန်လ ၄ ရက်နေ့ ညဦးပိုင်းက မြန်မာနိုင်ငံသားတွေအတွက် ပျော်ရွှင်ဖွယ်နေ့ရက် ဖြစ်ခဲ့ပါတယ်။ နိုင်ငံသူနိုင်ငံသား အားလုံးနီးပါးဟာ ပျော်ရွှင်မှု အရသာကို အပြည့်အ၀ ခံစား လိုက်ကြရတယ်။ လူကြီး လူငယ် လူရွယ် လူလတ် အားလုံးပျော်ရွှင်မှုကြောင့် ရွှင်လန်းတက်ကြွ ခဲ့ကြတယ်။

မြန်မာ့ လူ့အဖွဲ့အစည်းမှာ ထောင်ကလွတ်တဲ့နေ့၊ ရှင်လိင်ပြန်(ကိုရင်လူထွက်)တဲ့နေ့၊ မင်္ဂလာဆောင်တဲ့နေ့ ရယ်လို့ အပျော်ဆုံးနေ့ သုံးရက်ရှိတယ်။ ထောင်ကလွတ်တဲ့နေ့မှာ ပျော်တယ်ဆိုတာ ထောင်ကျခံဖူးသူမှ သိနိုင်တာပါ။ ရှင်လိင်ပြန်တဲ့ ပျော်ရွှင်မှုကလည်း သင်္ကန်းဝတ်ဖူးသူသာ ခံစားနိုင်တာ။ မင်္ဂလာဆောင်တဲ့ နေ့က ရတဲ့ ပျော်ရွှင်မှုကလည်း လက်ထပ်ဖူးမှ သိမှာလေ။ ဇွန်လ ၄ ရက် ညဦးပိုင်းကတော့ ထောင်ထွက်ရော ဘုန်းကြီးရော အပျိုကြီး လူပျိုကြီး ကလေး လူကြီး အားလုံး ပျော်ကြတာကလား။

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်းက အိမ်ရှင်စင်္ကာပူ အသင်းကို ၂-၁ နဲ့ နိုင်လိုက်တာကြောင့် မြန်မာတွေ ပျော်ကြရတာပါ။ အဲဒီပွဲမှာ မြန်မာအသင်းကစားတာ လူကြီးလူကောင်းဆန်ဆန် အားကစားစိတ်ဓာတ်နဲ့ သပ်သပ်ရပ်ရပ် ကစားပြီး အနိုင်ယူသွားတာကြောင့်လဲ မြန်မာတွေ သိက္ခာရှိရှိ ပျော်ရွှင်ခဲ့ကြရတယ်။ (တီဗီ အစီအစဉ် ကြေညာသူတွေအပေါ်မှာ အနည်းငယ် စိတ်ကသိကအောက် ဖြစ်ကြရတာတော့ ရှိပါတယ်) လူကြီး လူငယ် လူရွယ် လူလတ် အသက်အရွယ်မရွေး ကျားမ မရွေး အားလုံးနီးပါး ပျော်ကြတယ်။

အရပ်ထဲမှာလည်း အားလုံး ပျော်ကြတယ်။ လဘက်ရည်ဆိုင်တွေမှာ၊ ဘီယာဆိုင်တွေမှာ၊ မြန်မာအသင်း အားပေးသံတွေ တဝုန်းဝုန်းနဲ့ အတိုင်းသား ကြားရတယ်။ ဆိုက္ကားနင်းသူ၊ပန်းရန်၊ လက်သမား၊ စပယ်ယာ ကအစ ကျောင်းဆရာ၊ ရုံးစာရေး၊ ကုမ္မဏီဝန်ထမ်းအလယ် အင်ဂျင်နီယာ၊ ဆရာဝန်၊ လွှတ်တော်အမတ်အဆုံး တမျိုးသားလုံး ပျော်ကြတဲ့နေ့လို့တောင် ဆိုနိုင်တယ်။ အတိုက်အခံအားပေးသူ ဒီမိုကရက်တစ်တွေလည်း ပျော်သလို အစိုးရဝန်ကြီးတွေလည်း ၀မ်းသာကြတယ်။ ရပ်ကွက်ထဲမှာ ဘယ်သူမှ ဆေးဖော်ကြောဖက် မလုပ်ချင်ကြတဲ့ အနားပြာတွေသည်ပင် ပျော်လို့ ရွှင်လို့။

မြန်မာဘောလုံးအသင်းက လက်ရှိအောင်မြင်မှုကို ဗိုလ်လုပွဲမှာ နိုင်ပြီး ဖလားရလာတယ်ဆိုတဲ့ ပျော်ရွှင်မှုမျိုးနဲ့ ပျော်နေကြတာ မဟုတ်ပါဘူး။ အုပ်စုပွဲစဉ် နှစ်ပွဲသာ ကစားရသေးပြီး ရမှတ် ၆ မှတ်ရထားတယ်ဆိုတာလည်း မြန်မာနိုင်ငံသားတွေသိကြပါရဲ့။ ဗိုလ်လုပွဲကို အလွယ်တကူ မရောက်နိုင်ဘူးဆိုတာလည်း ပြည်သူတွေ တွက်ဆထားပြီးသားပါ။ ဒါဆိုရင် မြန်မာပြည်သူတွေ ဘာကြောင့် ဒီလောက် ပျော်နေရတာလဲ။

မြန်မာနိုင်ငံသားတွေဟာ အောင်မြင်မှုကို ရေဆာသလို ငတ်မွတ်နေတာကြောင့်ပါပဲ။ ဒေသတွင်းအဆင့်မှာ ၂ ပွဲကစား ၂ ပွဲနိုင်ဆိုတဲ့ အောင်မြင်မှုဟာ မြန်မာနိုင်ငံလို အောင်မြင်မှု ဆာလောင်နေတဲ့ နိုင်ငံအတွက် သိပ်ချိုမြိန်တာပေါ့။ အထူးသဖြင့် စင်္ကာပူလို စီးပွားရေးရော ပညာရေးပါ ဖွံ့ဖြိုးတဲ့ အိမ်ရှင်အသင်းကို ကစားကွက်အသာနဲ့ အနိုင်ယူတာ ပိုပြီး ချိုမြိန်စရာဖြစ်နေတာပေါ့။ တကယ်တော့ ဆီးဂိမ်းပွဲတိုင်းမှာ အားကစားနည်းတွေ အများကြီးယှဉ်ပြိုင်ကြတာပါ။ ဒါပေမယ့် ဘောလုံးက နိုင်ငံတိုင်းရဲ့ အမျိုးသားရေး အားကစား(national sports)ဖြစ်နေတော့ ဘောလုံးအားကစားက ကျန်အားကစားတွေထက် အကဲပိုတယ်။

မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေအောက်မှာ အကြောက်တရားနဲ့ နှစ်ပေါင်းများစွာနေလာရတဲ့ ဖွံ့ဖြိုးဆဲ (LDC)နိုင်ငံ။ လာဘ်ပေးလာဘ်ယူမှု အများဆုံးနဲ့ ပွင့်လင်းမြင်သာမှု မရှိဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ နှစ်စဉ်ပါနေတဲ့ အစစအရာရာ ချွတ်ခြုံကျ တိုင်းပြည်။ ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ ဆေးရုံစောင့်၊ ဂေါပက စတဲ့ လူမှန်သမျှကို ကြောက်ရွံ့နေရပြီး အငုံ့စိတ်နဲ့ တသက်လုံးနေလာရတဲ့ ပြည်သူတွေ။ တပါတီ အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်အောက်မှာ တလှည့်စီ နေခဲ့ကြရတဲ့ နိုင်ငံသားတွေ။ လူထုအားကစားကွင်းနဲ့ ပန်းခြံတွေမောင်ပိုင် အစီးခံထားကြရသူတွေနေတဲ့ တိုင်းပြည်။ အဲဒီလို နိုင်ငံသားတွေက စင်္ကာပူလို ပညာရေးမှာထိပ်တန်း၊ နည်းပညာနယ်ပယ်နဲ့ ဘဏ်လုပ်ငန်းမှာလည်း ရှေ့တန်းက ရှိနေတဲ့ နိုင်ငံမျိုးကို ဘောလုံးအားကစားပြိုင်ပွဲမှာ သပ်သပ်ရပ်ရပ် ကစားပြီး နိုင်လိုက်ကြတဲ့အခါ ပြည်သူတွေရဲ့ အောင်မြင်မှုချဉ်ခြင်း အထိုက်အလျောက်ပြေခဲ့ရပြီ။

မြန်မာတွေ ဘယ်လောက်ပျော်သလဲဆိုရင် ဇွန် ၄ ရက် တညလုံး လူမှုကွန်ယက်စာမျက်နှာမှာ မြန်မာဘောလုံးအသင်းကို ချီးကျူးကြတဲ့ ပို့စ်တွေ ညသန်းခေါင်အထိ တောက်လျှောက်တက်နေတယ်။ ဖေ့စ်ဘုတ်ဟာ ထင်ယောင်ဝိုးဝါး ကမ္ဘာ (virtual world)ဆိုသည့်တိုင် လူတွေရဲ့ အတ္တနောမတိတွေကို အထင်းသားတွေ့နေရတယ်။ အကဲပိုရန်ကောလို့ အပြစ်တင်ပြန်ရင်လည်း ခံရမှာမလွဲ၊ ပန်းတိုင်မရောက်ခင် တက်ထောင်တာလည်း မဟုတ်ကြရှာပါဘူး။

လွတ်လပ်ရေးခေတ်ဦးကာလ ဆယ်စုနှစ်တွေတုန်းက အာရှမှာ ထိပ်တန်းက ရှိခဲ့တဲ့ နိုင်ငံတနိုင်ငံဟာ (အကြောင်းကြောင်းကြောင့်) ကမ္ဘာ့တတိယတန်းစားအဖြစ်လျှောကျခဲ့ရတယ်။ နိုင်ငံသားတွေစိတ်ထဲမှာ အောင်မြင်မှုဆိုတာ ပျောက်ဆုံးနေတာ ကြာပြီ။ တမျိုးသားလုံး ဂုဏ်သိက္ခာရှိရှိ ပျော်ကြရတဲ့ ပျော်ရွှင်မှုဆိုတာလည်း မရတာ ကြာပေါ့။(သင်္ကြန်မှာ ပျော်တဲ့ ပျော်ရွှင်မှုဆိုတာကလည်း အခုခေတ်မှာ ငွေကုန်မှ ပျော်ကြရတဲ့အဖြစ်ကိုး။) အခုတော့ U-23 က မြန်မာဘောလုံးအသင်းကြောင့် တမျိုးသားလုံးနီးပါး ပျော်ရပြီ။

အခုလို တဒင်္ဂ ခဏတာလေး ဖြစ်စေ ပြည်သူအားလုံး ပျော်ရွှင်အောင် လုပ်ပေးနိုင်လို့ U-23 မြန်မာဘောလုံးအသင်းသားတွေကို တကယ်ကျေးဇူးတင်ပါတယ်။ မြန်မာဘောလုံးအသင်း ယခုထက်ပိုပြီး အောင်မြင်မှုတွေရပါစေ။ မြန်မာပြည်သူတွေ ယခုထက်ပို၍ ပျော်ရွှင်နိုင်ပါစေ။

No comments: