Tuesday, June 16, 2015

မင်္ဂလာဒုံတွင် ကျူးကျော်အိမ်များ အကြမ်းဖက် ဖျက်ဆီးမှု ခြံပိုင်ရှင်ကို အမှုဖွင့်ထား

မေစစ်ပိုင်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံဘက်အခြမ်းရှိ ဆင်ဖုံကျေးရွာ တောင်မကန်း ရပ်ကွက်ရှိ ခြံအမှတ် ၂၃၆/၂၃၇ ပိုင်ရှင်ကို ကျုးကျော်နေအိမ်များ ဖျက်ဆီးမှုနှင့် လူအများ ဒဏ်ရာရစေခဲ့မှုအတွက် ပုဒ်မ ၆ ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ ရဲအုပ်မြင့်မောင်က ဧရာဝတီကို ပြောသည်။

“ကျုးကျော်တဲတွေကို ဖျက်မယ်ဆိုပြီး ခြံအကွက်ပိုင်ရှင်က ရဲစခန်းကို အကြောင်းကြားခြင်း မရှိဘူး။ အကြမ်းဖက်ပြီး လေးဂွတွေနဲ့ ပစ်တာ၊ တဲတွေကို မြေတူးစက်တွေနဲ့ ယက်ပြီး ဖျက်ဆီးခဲ့တယ်။ နောက်တနေ့မှာလည်း ထပ်ပြီးတော့ ရွာသားတွေကို လေးဂွတွေနဲ့ ပစ်၊ တွေ့တဲ့သူတွေကို တုတ်တွေနဲ့ရိုက်၊ ခြေထောက်နဲ့ ကန်တာတွေ လုပ်ခဲ့တယ်” ဟု မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ ရဲအုပ်မြင့်မောင်က ဧရာဝတီကို ပြောသည်။

အဆိုပါ ခြံပိုင်ရှင်ကို ပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၂၄၊ ၃၂၅၊ ၄၀၃ နှင့် ၁၁၄ တို့ဖြင့် မင်္ဂလာဒုံမြို့နယ် ရဲစခန်းက အမှုဖွင့် အရေးယူထားခြင်းဖြစ်ပြီး ခြံပိုင်ရှင်၏ အမည်နှင့် မည်သူမည်ဝါ ဖြစ်သည်ဆိုသည့် အချက်ကို တာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

“နေအိမ် ဖျက်ဆီးခံလိုက်ရတဲ့ ရွာသားတွေကို ဘာဆက်လုပ်ပေးမယ် ဆိုတာကတော့ ကျနော်တို့ရဲ့ အပိုင်း မဟုတ်တော့ဘူး။ အခုချိန်မှာတော့ လုံခြုံရေးက တိုးတက်လာပါပြီ” ဟု ရဲအုပ် မြင့်မောင်က ဆိုသည်။

မင်္ဂလာဒုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အဆိုပါ ခြံပိုင်ရှင်ကို ကျူးကျော်နေအိမ်များအား ဆက်လက် မဖျက်ဆီးရန် ဇွန် ၁၃ ရက်က စာတစောင် ထုတ်ပြန် သတိပေးထားပြီး ဒေသခံရွာသားများကိုလည်း ထိပ်တိုက် မတွေ့ဆုံရန် စာတစောင် ထုတ်ပြန်ရန် ရှိသည်ဟု သိရသည်။

ထိုခြံပိုင်ရှင်သည် ဇွန် ၁၂ ရက် မနက် ၅ နာရီခွဲခန့်က လူ ၅၀ ခန့်ကို ခေါ်ယူအသုံးပြုပြီး တောင်မကန်း ရပ်ကွက်တွင်ရှိသည့် ကျုးကျော်နေအိမ် ၄၈ လုံးကို မြေတူးစက်ကြီးများဖြင့် ဝင်ရောက် ဖျက်ဆီးခဲ့သည့်အပြင် လေးခွများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန် ၁၃ ရက် မနက် ၁၀ နာရီတွင် ခြံကွက်ခတ်ရန်ဟုဆိုကာ မှန်လုံကား ၁ စီး၊ Light Truck ကား ၃ စီးဖြင့် လူတစု ထပ်မံရောက်ရှိလာပြီး လေးခွများဖြင့် ပစ်ခတ်ခြင်း၊ ရွာသားများကို တုတ်ဖြင့် ရိုက်နှက်ခြင်းကြောင့် ဒေသခံ ၂ ဦး၊ သတင်းမေးသူ ၁ ဦးနှင့် ကူညီရန် ရောက်ရှိနေသည်ဟုဆိုသည့် မတူကွဲပြားနှင့် ငြိမ်းချမ်းရေး ပါတီမှ ဒုဥက္ကဋ္ဌ ၁ ဦး ဒဏ်ရာများ ရရှိခဲ့သဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“ကျနော်တို့က ပိုက်ဆံပေးပြီး နေရတာပေါ့။ မပေးလို့ ရမလား။ ပိုင်ရှင်ကို ပေးရတာပေါ့။ အဲဒီလိုမျိုး နေရတာ။ ကိုယ်တွေတောင် အသက်လွတ်အောင် မနည်းထွက်ပြေးရတယ်။ သူတို့ဘက်က စလုပ်တာလေ။ လေးသီးတွေနဲ့ ပစ်တာ။ ပြောင်းဖို့ လာပြောတာတွေ ဘာတွေလည်း မရှိဘူး၊ ဗြုန်းစားကြီး ထလုပ်တာ။ မနက် လေးနာရီလောက်မှာ လာပြီးတော့ အကုန်ဖြိုပစ်တာ။ အကြမ်းစီးသလိုပဲ။ ဒီလိုလုပ်တာ ခြင်ဆေးခွေတို့ ဆပ်ပြာတို့ထုတ်တဲ့ စက်ရုံပိုင်ရှင်လို့ ကြားထားတယ်” ဟု တောင်မကန်းရပ်ကွက် ဒေသခံ ကိုထွန်းဝင်းဇော်က ပြောသည်။

ရွာသားများ၏ ပြောဆိုမှုအရ မနက် ၅ နာရီခန့်တွင် မြေတူးစက်ကြီးများသုံးကာ နေအိမ်များကို ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံတချို့ ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ ပျက်စီးသွားသည့် ဒေသခံ အများစုသည် အနီးဝန်းကျင်ရှိ ဒက္ခိဏသီရိ ဘုန်းကြီးကျောင်းအတွင်း ခေတ္တနေထိုင်နေကြရကြောင်း သိရသည်။

No comments: