ABC
မန်မာ သင်္ဘောသား လိုက်ပါသွားတဲ့ သင်္ဘောတစ်စင်း အရင်တစ်ပါတ်မှာ ပြန်ပေးဆွဲခံရပေမယ့် အခုအခါမှာ သင်္ဘောနဲ့ အမှုထမ်းတွေ အားလုံး အသက်ဘေးကင်းစွာ ပြန်ရောက်နေပြီ ဖြစ်ပါတယ်။
မလေးရှားပိုင် MT Orkim Harmony လို့ ခေါ်တဲ့ သင်္ဘောဟာ အရင်တစ်ပါတ် ကြာသပတေး နေ့တုန်းက ပြန်ပေးဆွဲခံရတာဖြစ်ပြီး လက်နက်ချ အညံ့ခံဖို့ မလေးရှား အာဏာပိုင်တွေက ဓားပြတွေကို ပြောဆိုပြီးနောက် ဓားပြတွေ ထွက်ပြေးကြတာ ဖြစ်ပါတယ်။
အဲဒီသင်္ဘောပေါ်က အမှုထမ်း ၂၂ ယောက်စလုံး အသက်ရှင်လျက် ရှိနေသေးပြီး အမှုထမ်းတွေကတော့ မြန်မာ တစ်ဦး၊ အင်ဒိုနီးရှား ၅ ဦးနဲ့ မလေးရှားနိုင်ငံသား ၁၆ ဦး တို့ ဖြစ်ကြပါတယ်။
အဲဒီလူတွေကို ကယ်တင်နိုင်သလို သင်္ဘောကိုလည်း မလေးရှားဘက်ကို ပြန်လည် မောင်းနှင်လာပြီ ဖြစ်ပါတယ်။
သင်္ဘောပေါ်မှာ ဓားပြ အနည်းဆုံး ၈ ယောက်လောက်ရှိပြီး ပစ္စတိုနဲ့ တခြား လက်နက်တွေ ကိုင်ဆောင်ထားကြတယ်လို့ မလေးရှားအစိုးရက အစောပိုင်းမှာ ပြောဆိုခဲ့ရာက ကယ်တင်နိုင်တာ ဖြစ်ပါတယ်။
သင်္ဘောပေါ်မှာ လောင်စာဆီ တန်ချိန် ၆၀၀၀ ဒါမှမဟုတ် ဒေါ်လာ ၇.၂ သန်း တန်ဖိုးရှိတဲ့ လောင်စာဆီတွေ တင်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
အရှေ့တောင် အာရှ ပင်လယ်ပြင်ရှိ မလက္ကားရေလက်ကြား တဝိုက်မှာ ဓားပြတိုက်မှုတွေ ပိုများလာပြီး နှစ်ပါတ်မှာ တစ်စီးနှုန်းလောက် ဓားပြတိုက်ခံနေရတယ်လို့ ဆိုပါတယ်။
ကမ်းရိုးတန်းအနီးမှာ ဖြေးညင်းစွာ မောင်းနှင်တဲ့ သင်္ဘောတွေနဲ့ အဖိုးတန် ပစ္စည်း ဥပမာ လောင်စာဆီတွေ တင်ဆောင်တဲ့ သင်္ဘောကို ဓားပြတိုက်ပြီး ပစ္စည်းတွေ လုယူတာလို့ သိရပါတယ်။

No comments:
Post a Comment