Thursday, June 4, 2015

ဒေါက်တာ နေဇင်လတ် ထူထောင်သည့်ပါတီ နောက်ကွယ်တွင် သမ္မတဦးသိန်းစိန် မပါရှိဟု သမ္မတရုံး ညွှန်ကြားရေးမှူးပြော

မင်းမင်း

သမ္မတဦး သိန်းစိန်၏ နိုင်ငံရေး အကြံပေးအဖွဲ့ဝင်ဟောင်း ဒေါက်တာ နေဇင်လတ် ဦးဆောင်သည့် အမျိုးသား တိုးတက်ရေး ပါတီ (NDP) နှင့် သမ္မတ ဦးသိန်းစိန် လုံးဝပတ်သက်ခြင်း မရှိဟု ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်နှင့် ပတ်သက်၍ သမ္မတ ရုံးညွှန်ကြားရေးမှူး၊ ဦးဇော်ဌေးကိုမဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ အများပြည်သူအမြင်မှာ သမ္မတကပဲ နောက်ကွယ်က လုပ်ခိုင်းလို့လား။ သူ့ဟာသူလုပ်သလား။ သမ္မတနဲ့ ဆက်စပ်မှုရှိသလားဆိုတဲ့ ထင်မြင်ယူဆချတွေကလည်း မီဒီယာတွေမှာ တွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းကြားထဲမှာလည်း အထင်အမြင် လွဲမှားစရာတွေ ရှိနေတယ်။
အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ ထုတ်လိုက်တာ" ဟု ပြောသည်။

ထုတ်ပြန်ချက်၌ "ဒေါက်တာ နေဇင်လတ် နာယကအဖြစ်ထူထောင်ထားသော အမျိုးသား တိုးတက်ရေးပါတီသည် နိုင်ငံတော်သမ္မတနှင့် သော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့်သော်လည်းကောင်း၊ လုံးဝ ပတ်သက်ခြင်း မရှိ" ဟု ပါရှိသည်။

၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် သမ္မတရုံးက ကြေငြာခဲ့သည့် သမ္မတ ဦးသိန်းစိန်အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေး အကြံပေးအဖွဲ့ ပုဂ္ဂိုလ် (၉) ဦး၌ ဒေါက်တာ နေဇင်လတ်က နိုင်ငံရေးအကြံပေးအဖြစ် ပါဝင်ခဲ့သည်။

အမျိုးသား တိုးတက်ရေး ပါတီတွင် နာယအဖြစ် တာဝန်ယူမည့် ဒေါက်တာနေဇင်လတ်အား သမ္မတအကြံပေးအဖွဲ့မှ နှုတ်ထွက်ခွင့်ပြုခဲ့သည်မှာရက်ပေါင်း ၃၀ ကျော်ပြီ ဖြစ်သည်။

ဇွန် ၂ ရက်စွဲဖြင့် အစိုးရ၏ ထုတ်ပြန်ချက်တွင် သမ္မတ ဦးဆောင်သည့်ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၄ ပါပြဌာန်းချက်အား လိုက်နာလျက်ရှိပါသည်ဟုလည်း ပါရှိသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆၄ တွင် "နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေး ပါတီတစ် ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ" ဟု ပြဌာန်းထားသည်။

ဦးဇော်ဌေးက "အမျိုးသား တိုးတက်ရေး ပါတီဆိုတာကို သမ္မတအကြံပေးက ထူထောင်တာပေါ်လာတယ်။ ပေါ်လာတဲ့အခါမှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝှိုက်သော်လည်းကောင်း ကျွန်တော်တို့က ပတ်သက်လို့မရဘူး။ ပတ်သက်အောင်လည်း လုပ်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့်လည်း ရှင်းရှင်းလင်းလင်း ဖြစ်အောင် သူ့ကိုလည်း ရာထူးကနေ အနားပေးလိုက်တာဖြစ်တယ်။ အနားပေးပြီးတဲ့အပြင် ဒီပါတီနဲ့ ကျွန်တော်တို့သမ္မတနဲ့ အစိုးရနဲ့ တစ်စုံတစ်ရာ ပတ်သက်မှုမရှိဘူးဆိုတာကို သိသာထင်ရှားစေချင်လို့ ဒါကိုညွှန်းပြီးထည့်တာပါ။" ဟု ပြောသည်။

ဒေါက်တာ နေဇင်လတ်ကမူ ၎င်း၏ လူမှုကွန်ယက်ဖြစ်သော ဖေ့စ်ဘွတ်၌ အမျိုးသား တိုးတက်ရေး ပါတီသည် မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်း မရှိဟု ပြောဆိုခဲ့ဖူးကြောင်း၊ ပါတီ၏ ရည်မှန်းချက်မှာ ထိန်းညှိပေးရန်နှင့် ပူးပေါင်းအားဖြည့်ပေးရန်ဖြစ်ကြောင်း၊ အာဏာနိုင်ငံရေးကို စိတ်မ၀င်စားဘဲ ပညာရှင်နိုင်ငံရေးကိုသာ စိတ်ဝင်စားကြောင်း ဇွန်လ ၂ရက် ညပိုင်းက ရေးသားထားသည်။

ထို့ပြင် ပါတီထိပ်ပိုင်း ခေါင်းဆောင်များအနေဖြင့် ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်းကိုလည်း ဒေါက်တာ နေဇင်လတ်က "အရေအတွက်အပေါ်အခြေခံတဲ့ အာဏာနိုင်ငံရေးကို စိတ်မဝင်စားလို့ ပါတီထိပ်ပိုင်း တာဝန်ရှိသူတွေအနေနဲ့ ရွေးကောက်ပွဲဝင်ကြမှာ မဟုတ်ပါဘူး။" ဟု လူမှုကွန်ယက်တွင် ရေးထားသေးသည်။

No comments: