Wednesday, June 10, 2015

ယခုနှစ်တွင် စင်ကာပူသို့ လေကြောင်း ခရီးဧည့်သည် ၁၂ သန်း ဝင်ရောက်လာမည်ဟု ခန့်မှန်းရ

Mizzima

နှစ်အလိုက် သုတေသနတစ်ရပ်တွင် ၂၀၁၄ ခုနှစ်ထက်စာလျှင် တစ်နေရာ လျှောကျသွားခဲ့သော်လည်း လေကြောင်းခရီးသည်များအတွက် စင်ကာပူမှာ ကမ္ဘာပေါ်တွင် သတ္တမမြောက် ရေပန်းအစားဆုံး နေရာအဖြစ် ထိပ်တန်းတွင် ရပ်တည်လျက်ရှိသည်။

ယခုနှစ်တွင် နိုင်ငံခြားဧည့်သည် ၁၁ ဒသမ ၈သန်း ဝင်ရောက်လာမည်ဟု မျှော်လင့်ထား သောကြောင့် ယမန်နှစ်ကထက် ၃ ရာခိုင်နှုန်း ပိုလာမည်ဖြစ်သည်။ ကမ္ဘာမြို့ကြီး ၁၃၂ မြို့ကို စစ်တမ်းကောက်ယူခဲ့သော MasterCard ၏ ၂၀၁၅ ခုနှစ် ကမ္ဘာနဲ့အဝန်း ခရီးဆုံးမြို့ကြီးများ အညွှန်းအရ ယခုနှစ်မှာ လေကြောင်းခရီး ဧည့်သည် ၁၉ သန်းနီးပါးအထိ ဝင်ရောက်လာမည်ဟု မျှော်လင့်ရသော လန်ဒန်က ထိပ်ဆုံးတွင် ရပ်တည်နေသည်ဟု ဆိုသည်။

ဗြိတိန် မြို့တော်ကြီးမှာ ထိပ်ဆုံးနေရာကို အလားတူ လေကြောင်းခရီးဧည့်သည် ၁၉ သန်း နီးပါး ဝင်ရောက်လာမည်ဟု ခန့်မှန်းထားသည့် ဘန်ကောက်ထံမှ ပြန်လည်သိမ်းယူထားခြင်း ဖြစ်သည်။ ကမ္ဘာလှည့်များ၏ အသုံးစရိတ်မှာ ယခုနှစ်၌ စုစုပေါင်း ကန်ဒေါ်လာ ၁၄ ဒသမ ၇ ဘီလီယံ အထိ ရှိမည်ဟု ခန့်မှန်းထားရာ စင်ကာပူက ပဉ္စမနေရာတွင် ရှိနေသည်။

ဧည့်သည် တစ်ဦးချင်းစီဟာ စင်ကာပူမှာ နေထိုင်စဉ်ပျမ်းမျှ စင်ကာပူဒေါ်လာ ၂,၆၃၉ ဒေါ်လာနှင့် ညီမျှသည့် အသုံးစရိတ် ရှိမှဖြစ်သည့်အတွက် ကမ္ဘာလှည့်တစ်ဦးချင်း၏ အသုံးစရိတ်ဖြင့် ကြည့်မည်ဆိုပါက စင်ကာပူသည် ထိပ်ဆုံးက ဒူဘိုင်း၊ ဒုတိယ ဘာစီလိုနာတို့၏နောက် တတိယနေရာမှာပဲ ရှိမည်ဖြစ်သည်။

စင်ကာပူသို့ လေကြောင်းခရီးဧည့်သည် အလုံးအရင်းဖြင့် ပို့ပေးမည့်မြို့ကြီးများမှာ ဂျကာတာ၊ တိုကျို၊ ဟောင်ကောင်၊ မနီလာနှင့် ရှန်ဟိုင်းမြို့ကြီးများဖြစ်သည်။

ယခုသုတေသနကို MasterCard က လေကြောင်း သတင်းအချက်အလက်များ ထောက်ပံ့နေသော OAG Global တွင် ဝယ်ယူခဲ့သည့် ဧည့်သည်ရောက်ရှိမှု အချက်အလက်များကို အသုံးပြုပြီး ပြုစုခဲ့ခြင်း ဖြစ်သည်။ စင်ကာပူ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့၏ ပြောကြားချက်အရ ယမန်နှစ်က စင်ကာပူကို လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းများမှ နိုင်ငံတကာ ဧည့်သည် ၁၅ ဒသမ ၁ သန်း လာရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်က စံချိန်တင် ၁၅ ဒသမ ၆ သန်း အရေအတွက်မှ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။

No comments: