Saturday, June 20, 2015

ဘဏ္ဍာရေး စည်းမျဉ်း ကျော်လွန်ပြီး ငွေထုတ် သုံးစွဲခဲ့ရာတွင် မြို့တော်စည်ပင် အများဆုံးဖြစ်

သူဇာ


ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိမှုများအရ တိုင်းဒေသကြီး ၀န်ကြီးဌာန ၁၇ ခုက ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းကို ကျော်လွန်ပြီး ငွေထုတ်ယူ သုံးစွဲမှုများကြောင့် နိုင်ငံတော်သို့ ပေးသွင်းရန် စုစုပေါင်း ငွေကျပ်သန်း ၉၀၀၀ ကျော် ရှိနေသည်ကို တွေ့ရှိရကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး ၀န်ကြီးဌာန ၁၇ ခုတွင် ပေးသွင်းရန် ငွေကြေးအများဆုံး ကျန်ရှိနေသည့် ၀န်ကြီးဌာနမှာ ကျပ်သန်း ၆၂၄၄ ဒသမ ၆၃၇ ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ဖြစ်ပြီး ဒုတိယ အများဆုံးမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဖြစ်ကာ ငွေကျပ် သန်း ၄၀၆ ဒသမ ၉၉၂ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်မှ လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ ဖြစ်ကြောင်း၊ ၂၀၁၄-၂၀၁၅ အစီရင်ခံစာအား လက်ရှိအချိန်အထိ တင်သွင်းနိုင်ခြင်း မရှိသေးကြောင်း တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှ သိရှိရသည်။

စာရင်းစစ်ချုပ်၏ ဖော်ပြချက်တွင် ၀န်ကြီးဌာန ၁၇ ခုအား စစ်ဆေး တွေ့ရှိချက်များအရ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းရန် ပေါ်ပေါက်ငွေ ကျပ် ၂၆၃၉ ဒသမ ၀၂၆ သန်း၊ အမေရိကန်ဒေါ်လာ ၁၄၃၅၈ ဒသမ ၆၇၀၊ ယူရို ၂၃၈၉၃ ဒသမ ၀၃၄ နှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရန် ငွေကျပ် ၇၂၁၃ ဒသမ ၀၀၆ သန်း ရှိခဲ့ပြီးကြောင်း၊ နိုင်ငံတော်သို့ ပေးသွင်းရန် စုစုပေါင်း ငွေကျပ် ၉၈၅၂ ဒသမ ၀၃၂ သန်း၊ အမေရိကန်ဒေါ်လာ ၁၄၃၅၈ ဒသမ ၆၇၀၊ ယူရို ၂၃၈၉၃ ဒသမ ၀၃၄ ဖြစ်ပေါ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက “ဘဏ္ဍာရေး စည်းမျဉ်းနဲ့ ချိုးဖောက်တာက တခါတလေဖြစ်ရင် တော်သေးတယ်။ အခုက ဆက်တိုက် ဖြစ်တယ်။ ပြီးတော့ စာရင်းစစ်ချုပ်ရုံးက ပြင်ခိုင်းမှ ပြင်တယ်။ စည်ပင်ရဲ့ ဌာနတိုင်းလိုလိုက ပြန်ပြီးတော့ နိုင်ငံတော်ကို ပေးသွင်းရန်ငွေတွေ ရှိနေတယ်။ အစိုးရက ခဏ ခဏ ပြောတယ်။ ငွေတွေကို စိစစ်ပါတယ်၊ စီမံကိန်းတွေကို စိစစ်ပါတယ်၊ အရည်အသွေးတွေကို ထိန်းချုပ်ပါတယ်လို့ ပြောနေပေမယ့် အခုကျတော့ စာရင်းစစ်ချုပ် တင်ပြချက်မှာ သက်သေတွေနဲ့ ပေါ်လာတာပဲ။ ဒါတောင်မှ အစိုးရက လွှဲအပ်တဲ့ လုပ်ငန်းကိုပဲ စာရင်းစစ်ချုပ်က စစ်ရတာပါ။ အခုထက်ထိ ရွှေဂုံတိုင်နဲ့ လှည်းတန်း ဂုံးကျော်တံတားတွေ စာရင်း မရှင်းနိုင်သေးဘူး။ ဒါတွေက မေးခွန်း ထုတ်စရာတွေပါ” ဟု ဆိုသည်။

စာရင်းစစ်ချုပ်၏ စစ်ဆေးမှုများအရ ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေးနှစ် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေသို့ ပြန်လည် ပေးသွင်းရမည့် ငွေများနှင့် စပ်လျဉ်းပြီး ပြန်လည် ပေးသွင်းရန် ပေါ်ပေါက်သည့် အကြောင်းကိစ္စရပ်များကို စိစစ်ရာတွင် အချက် ၁၆ ချက် တွေ့ရှိရကြောင်း သိရသည်။

ထိုတွေ့ရှိချက်များထဲတွင် ရငွေလျော့နည်း ပေးသွင်းခြင်း၊ စံနှုန်း/ဒေသ ဈေးနှုန်း ကွဲလွဲခြင်း၊ မျက်မြင် စစ်ဆေးမှုအရ လျော့နည်းခြင်း၊ ပေးချေသင့်သည့်ထက် ပိုမိုထုတ်ခြင်း၊ တွက်ချက်မှု မှားယွင်းခြင်း၊ ခန့်မှန်းခြေ စာရင်းထက် ပိုထုတ်ခြင်း၊ အမှန်ထက် လျော့နည်း ဆောင်ရွက်ခြင်း၊ ပြေစာမရှိဘဲ ထုတ်ယူခြင်း၊ လုပ်ငန်းနှင့် မသက်ဆိုင်ဘဲ ထုတ်ယူခြင်း၊ လုပ်ပိုင်ခွင့် မရှိဘဲ ဆောင်ရွက်ထားခြင်း စသည်တို့ ပါဝင်သည်ဟု ဖော်ပြထားသည်။

YCDC ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဒေါက်တာ ညိုညိုသင်းက “YCDC ဟာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၁၄၃ ဘီလီယံကျော် သုံးစွဲခဲ့ရာမှာ စာရင်းစစ်ချုပ်ရုံး အနေနဲ့ ရာခိုင်နှုန်းပြည့် မစစ်နိုင်ဘူးလို့ သိရပါတယ်။ လွဲမှားချွတ်ချော်မှု ရှိနိုင်တဲ့ လုပ်ငန်းများကိုသာ ရွေးချယ်ကောက်နုတ်ပြီး စစ်ဆေးနိုင်တယ်လို့ သိရှိရပါတယ်။ YCDC ပေးသွင်းရန်ငွေ ပမာဏ ၆ ဒသမ ၇ ဘီလီယံကျော် ဖြစ်ခဲ့တာမို့ ကြပ်ကြပ်မတ်မတ် စစ်ဆေးသင့်ကြောင်း အကြံပြုပါတယ်။ YCDC က အကျိုးတူ လုပ်ငန်းများ ဆောင်ရွက်ရာမှာ အခုထက် ပိုမိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့ တိုက်တွန်းပါတယ်။ ဥပမာအားဖြင့် ကန်တော်ကြီး အဆင့်မြင့်အိမ်ရာနှင့် ရန်ကင်း ကန်ပတ်ဝန်ထမ်းအိမ်ရာကို အခန်းဧရိယာတူ ဖလှယ်မှု၊ အရပ်အပြောအရ ဆိုလို့ရှိရင် ဒဲ့လဲခြင်း ကိစ္စပါ။ ဒါဟာ ဘယ်လို ဦးနှောက်နဲ့ ဆုံးဖြတ်လိုက်လဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်” ဟု လွှတ်တော်တွင် မေခွန်းထုတ်ခဲ့သည်။

YCDC အနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် ပမာဏ ကျပ်သန်း ၆၇၆၅ ဒသမ ၂၉၇ ရှိပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ ပေးသွင်းပြီးစီးမှု ငွေကြေး ပမာဏမှာ ကျပ်သန်း ၅၂၀ ဒသမ ၆၆၀ ဖြစ်ပြီး ကျန်ငွေပမာဏမှာ ကျပ်သန်း ၆၂၄၄ ဒသမ ၆၃၇ ရှိနေသေးကြောင်း စာရင်းစစ်ချုပ် စာရင်းများအရ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စစ်ဆေး တွေ့ရှိချက်များအရ အောက်ပါ ဇယားပါ အကြောင်းအရာများကြောင့် နိုင်ငံတော်သို့ ပြန်လည် ငွေပေးသွင်းရမည်ဖြစ်ကြောင်း စာရင်းစစ်ချုပ်မှ ဖော်ပြထားသည်။

(၃၁.၁၂.၂၀၁၄) အထိနိုင်ငံတော်သို့ ပေးသွင်းရန် (ကျပ်သန်း)
အကျိုးတူ လုပ်ငန်းမှ တိုက်ခန်း ဧရိယာ အညီအမျှဖြင့် လဲလှယ်ခြင်းကျောက်မီးသွေး ၀ယ်ယူခြင်းမှ ပေးသွင်းခြင်းစော်ဘွားကြီးကုန်း ပွဲရုံအကျိုးတူ လုပ်ငန်းဆင်မလိုက်ဈေးနှင့် အဆင့်မြင့် အိမ်ရာ တည်ဆောက်ခြင်း

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်စခန်း BOT လုပ်ငန်း

စက်သုံးဆီ ပိုမိုထုတ်ယူခြင်း

ပစ္စည်းဝယ်ယူခြင်း (ဆင်မလိုက်ဈေးအတွက်)

BOT စနစ်ဖြင့် အုတ်ထုတ်လုပ်ခြင်းမှ လျော့နည်းရငွေ

သတင်းစာကြော်ငြာခရငွေ၏ ၁၀ ရာခိုင်နှုန်း ပေးသွင်းခြင်း

ဌာန ၁၃ ခုနှင့် ခရိုင်ရုံးများမှ ရငွေ လျော့နည်းခြင်းနှင့် အသုံးစရိတ် ပိုမိုခြင်း
၅၇၀၈.၂၂၁၂၉၈.၈၅၁၁၈၁.၅၀၉၁၅၀.၄၀၂

၉၆.၂၂၆

၃၆.၈၇၈

၃၆.၇၉၉

၆.၅၈၉

၅.၆၈၇

၂၄၄.၁၃၅


စုစုပေါင်း ၆၇၆၅.၂၉၇

အစီရင်ခံစာတွင် ဖော်ပြချက်များအရ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား လုပ်ငန်းအပ်နှံသူ YCDC နှင့် FMI (First Myanmar Investment) ကုမ္ပဏီတို့ လုပ်ငန်းသဘောတူညီ စာချုပ်နှင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည့် ဘုရင့်နောင် ဂုံးကျော်တံတား တည်ဆောက်မှုနှင့် ပတ်သက်၍ စစ်ဆေးရာတွင် စံနှုန်း၊ ဒေသဈေးနှုန်း တွက်ချက်မှု မှားယွင်းခြင်းကြောင့် တည်ဆောင်သည့် FMI ကုမ္ပဏီ အနေဖြင့် နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရမည့် ငွေပမာဏမှာ ကျပ်သန်း ၄၀၂ ဒသမ ၉၅၉ ဖြစ်ကြောင်း ဖော်ပြထားသည်။

FMI ကုမ္ပဏီအနေဖြင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂ ရက်အထိ စာရင်းများအရ နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ငွေပမာဏ ကျပ်သန်း ၂၅၂ ဒသမ ၉၅၉ ကျန်ရှိနေကြောင်း စာရင်းဇယားများအရ သိရသည်။

အလားတူ ရွှေဂုံတိုင် ဂုံးကျော်တံတား တည်ဆောက်ခြင်းကို ၂၀၁၂-၂၀၁၃ နှင့် ၂၀၁၃- ၂၀၁၄ ခု ဘဏ္ဍာရေးနှစ် နှစ်နှစ်တွင် ခွင့်ပြုငွေ စုစုပေါင်း ကျပ်သန်း ၁၇၄၄၁ ဒသမ ၀၀၀ ခွင့်ပြုပေးခဲ့ပြီး ဖြစ်သော်လည်း စိစစ်ရေး ကော်မတီမှ လုပ်ငန်းခန့်မှန်းခြေ စာရင်းများကို စစ်ဆေးဆဲ ဖြစ်သဖြင့် စာရင်းစစ်ချုပ်ရုံး အနေနှင့် စစ်ဆေးခြင်း မပြုရသေးဟု ဖော်ပြထားသည်။ ရွှေဂုံတိုင် ဂုံးကျော်တံတား တည်ဆောက်မှုကို Capital Development ကုမ္ပဏီမှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာရေးနှစ် ကတည်းက ခွင့်ပြုငွေ ကျပ်သန်း ၁၄၄၈၇ ဒသမ ၀၀၀ ဖြင့် ရွှေတောင်ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီမှ တာဝန်ယူ တည်ဆောင်ခဲ့သည့် လှည်းတန်း ဂုံးကျော် တံတား ထပ်တိုး ဆောင်ရွက်မှု လုပ်ငန်းများကို အပြီးသတ် စစ်ဆေးရန် စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံးမှ ၂၀၁၃- ၂၀၁၄ ခု ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ဇွန် ၉ ရက်က တင်သွင်းခဲ့ပြီး ဇွန်လ ၁၅ ရက်တွင် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ မှတ်တမ်းတင်ခဲ့သည်။

No comments: