Wednesday, June 3, 2015

တစ်ကိုယ်တော် အခွေ အမြန်ဆုံး ထွက်နိုင်ရန် စီစဉ်နေတဲ့ တင်ဇာမော်

ပန်းမြတ်ဇော်

လက်ရှိအချိန်ထိ ပရိသတ် အခိုင်အမာ ရရှိ ထားသည့် အဆိုတော် တင်ဇာမော်က ၄င်း၏ တစ်ကိုယ်တော် တေးအယ်ဘမ် အသစ် ထွက်ရှိရန် အတွက် စီစဉ် နေကြောင်း မဇ္ဈိမကို ပြောသည်။

"တစ်ကိုယ်တော် အခွေ အတွက် စီစဉ် နေတာ တော်တော် ကြာပြီ။ အခု သီချင်းတွေ ရွေးပြီး PTL နဲ့ IC ကို သီချင်းတွေပေးရတော့မယ် ။ အမြန်ဆုံးတော့ ထွက်ချင် ပြီ။ထွက်မယ့် အချိန် ကိုတော့ အတိအကျ မပြောနိုင် သေးဘူး။ အားလုံးနဲ့ ညှိပြီး အမြန်ဆုံး ထွက်နိုင်တော့ လုပ်မယ်" ဟု အဆိုတော် တင်ဇာမော်က ပြောသည်။

တစ်ကိုယ်တော် အခွေ အသစ်တွင် သီဆိုနေကျ တေးသီချင်း ပုံစံများ ပါဝင်မည် ဖြစ်ပြီး ၄င်းနှင့် လိုက်ဖက်သည့် တေးသီချင်း များကို ထည့်သွင်း သွားမည် ဖြစ်ကာ အချစ်သီချင်းများ၊ ဒဿန သီချင်းများကို မျှပြီး ထည့်သွင်း သွားမည် ဖြစ်သည်။

တင်ဇာမော်၏ ပထမဆုံး တစ်ကိုယ်တော် အခွေသည် စွဲလမ်းမှုပြဿနာ အမည်ရှိ အယ်လ်ဘမ် ဖြစ်သည်။

အဆိုတော် တင်ဇာမော်သည် ၄င်း၏ အနုပညာသက်တမ်း ဆယ်စုနှစ် နှစ်ခု နီးပါးအတွင်း ပထမဆုံး သော တစ်ကိုယ်တော် ဖျော်ဖြေမှုအနေဖြင့် ( Tin Zar Maw Duet Tour 2013) ဟု အမည် ပေးထားသော ဖျော်ဖြေပွဲကို ၂၀၁၃ ခုနှစ်တွင် ပြုလုပ် ခဲ့သည်။ The Dozen Ladies Music Concert လို့ အမည် ပေးထားသည့် အမျိုး သမီး အဆိုတော် ၁၂ဦး ပါဝင်သည့် ဖျော်ဖြေပွဲအပြင် အခြားရှိုးပွဲ များစွာကိုလည်း သီဆိုခဲ့သည်။

အဆိုပါ တစ်ကိုယ်တော် အခွေ အပြင် ပြီးခဲ့သည့်နှစ်က Myanmar Event Park ၌ တေးရေး မြင့်မိုးအောင် ရေးသားပြီး တင်ဇာမော် သီဆို ခဲ့သည့် သီချင်းများကို သီးသန့် ပြုလုပ် ခဲ့သည့် ရှိုးပွဲ ကိုလည်း အခွေ အဖြစ် ဇွန်လထဲတွင် ထွက်ရှိမည် ဖြစ်သည်။

တင်ဇာမော်သည် အသံအား ကောင်းကောင်းဖြင့် သီဆိုနိုင်သော အမျိုးသမီး အဆိုတောင် တစ်ဦးဖြစ်ပြီး အချစ်မရှိနေ့စွဲများ ၊ မှားပြန်တယ် တေးသီချင်း များဖြင့် ပရိသတ် အခိုင်အမာ ရရှိ ခဲ့သလို ယခုအချိန်ထိလည်း ပရိသတ် အားပေးမှု ရရှိနေဆဲ ဖြစ်သည်။

No comments: