သူဇာ
ပွင့်လင်းမြင်သာမှု မရှိ၍ စွပ်စွဲမှုများကြောင့် ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ် စီမံကိန်းကို အမြန်ဆုံး အကောင် အထည်ဖော်ရန် ယမန်နေ့က ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် လျို့ဝှက်မဲပေးစနစ်ဖြင့် မဲခွဲပြီး ထောက်ခံမဲ အပြတ်အသတ်ဖြင့် လုပ်ကိုင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။
ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဒဿမ ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) တွင် ရန်ကုန်မြို့သစ် စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရန် အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးခဲ့ရာတွင် လွှတ်တော် ကိုယ်စားလှယ် ၆ ဦးက ထောက်ခံဆွေးနွေးခဲ့သည်။
ထိုအဆိုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် မှတ်တမ်းအနေဖြင့် ထားရှိရန်သာ တင်ပြဆွေးနွေးခဲ့သည့် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက စီမံကိန်း ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် ဆွေးနွေးတင်ပြခဲ့သည်။
“ဒီစီမံကိန်းမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ လုံးလုံး မတွေ့ရဘဲ ကျမတို့ ဘိုးဘွားပိုင် လယ်မြေကွက်တွေကို အကွက်ရိုက် ရောင်းခဲ့တဲ့ စီမံကိန်းအနေနဲ့ပဲ တွေ့ရလို့ ဖြစ်ပါတယ်။ လူဦးရေ မည်မျှ နေထိုင်ရန်သာ အာမခံပြီး လူဦးရေအတွက် လိုအပ်တဲ့ မြို့ပြဖွံ့ဖြိုးမှု အစီအစဉ် အသေးစိတ်ကို လုံးဝ ချမပြနိုင်ခဲ့ပါဘူး” ဟု ၄င်းက ဆွေးနွေးခဲ့သည်။
ကျင်းပနေသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးအတွင်း ဇွန် ၁၀ ရက်တွင် ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ရန်ကုန်မြို့သစ် စီမံကိန်း အမြန် အကောင်အထည်ဖော်ရေး အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ အစည်းအဝေးတွင် လျို့ဝှက်မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၀၀၊ ကန့်ကွက်မဲ ၁၀ မဲ၊ ပယ်မဲ ၄ မဲဖြင့် ဆက်လက်လုပ်ဆောင်ရန် အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့သစ် စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်မြို့ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်း အကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကာလမ်း အကြားရှိ မြေဧက သုံးသောင်းကျော် မြေနေရာတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် သိုသိုသိမ်သိမ် လုပ်ဆောင်ခဲ့သည့်အတွက် ကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရပြီး ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သတင်းမီဒီယာများသို့ ဖြေကြားခဲ့သည်။
ယနေ့ လွှတ်တော်တွင် အတည်ပြုလိုက်သည့် ရန်ကုန်မြို့သစ် စီမံကိန်းအား ရပ်ဆိုင်းခဲ့သည့် စီမံကိန်း မြေနေရာတွင်ပင် အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး ထိုစီမံကိန်းကို မြေဧက ၂၁၇၁၆ တွင် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်တွင် ပြောဆိုသည်။
စီမံကိန်း၌ ကျေးရွာများအတွက် ၇၁၅ ဧက၊ လမ်းမြေအတွက် ၃၅၃၁ ဧက၊ အခြေခံ အဆောက်အအုံ၊ အမှိုက်နှင့် ရေဆိုးများအတွက် ၁၀၇၉ ဧက၊ စိမ်းလန်းသည့် အရံမြေအတွက် ၁၉၃၇ ဧက၊ စီးပွားရေးဇုံ အတွက် ၂၃၆ ဧက၊ စက်မှုလုပ်ငန်းသုံးမြေ အတွက် ၇၆၉ ဧက၊ အထက်မြင့် လူနေရပ်ကွက် အတွက် ၃၃၆၉ ဧက၊ အထပ်အလတ် လူနေရပ်ကွက် အတွက် ၄၃၇၀ ဧကနှင့် အထပ်နိမ့် လူနေရပ်ကွက် အတွက် ၅၇၁၀ ဧက အကောင်အထည်ဖော်ရန် ရှိကြောင်း လွှတ်တော်တွင် ရှင်းပြသည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တင်သွင်းသည့် မြေဧရိယာဧက တသိန်းကျော် (၁၁၈၇၃၂ ဧက) ၌ အကောင်အထည်ဖော်မည့် “ရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း” တွင် ရန်ကုန်မြို့သစ် စီမံကိန်းအဖြစ် အကောင်အထည်ဖော်မည့် နေရာသည် ဦးစားပေး (၂) အနေဖြင့် ပါဝင်နေသည်ကို တွေ့ရသည်။
ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်မည့် မြေနေရာတွင် ရန်ကုန်မြို့သစ် စီမံကိန်း အမည်တပ်ပြီး တရုတ်လုပ်ငန်းရှင် ရှောက်ပန်းနှင့် ရှောက်စန်းတို့ ၂ ဦး ပိုင်ဆိုင်သည့် မြန်မာ့စေတနာမြို့သစ် ကုမ္ပဏီကို လုပ်ပိုင်ခွင့် ပေးခဲ့သဖြင့် ကန့်ကွက်ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် စီမံကိန်းအား ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့ရသည်။

No comments:
Post a Comment