Wednesday, June 10, 2015

၅၇ ခရီးသည်တင် ယာဉ်ပေါ်တက်ပြီး ဓားထောက် ခြိမ်းခြောက်သူများထဲမှ တစ်ဦး ဖမ်းမိ

ကျော်စိုးမိုး

ပြီးခဲ့သည့် မေလအတွင်းက ဖြစ်ပွားခဲ့သည့် အမှတ် ၅၇ ခရီးသည်တင် ယာဉ်ပေါ်တက်၍ ဓားထောက် ခြိမ်းခြောက်ပြီး ငွေတောင်းသူ သုံးဦးအနက် တစ်ဦးကို ဇွန် ၃ ရက်က ဖမ်းမိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မေ ၁၂ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်က ယာဉ်မောင်း ဦးကျော်မြင့် မောင်းနှင်လာသည့် အမှတ် ၅၇ ခရီးသည်တင်ယာဉ်သည် သာကေတမြို့နယ်၊ ဧရာဝဏ် ၈ လမ်းထိပ်မှတ်တိုင်တွင် ခရီးသည်အတင်အချ ပြုလုပ်နေစဉ် ယခင်က ၃၅ ယာဉ်လိုင်းတွင် ယာဉ်မောင်းလုပ်ကိုင်ခဲ့ဖူးသည့် အသက် ၃၅ နှစ်အရွယ် စိုးကြီး (ခ) စိုးမင်းငြိမ်း အပါအ၀င် အမျိုးသားနှစ်ဦး ကားပေါ်တက်လာပြီး “ဒီနေ့ ကားဆွဲလို့ရတဲ့ ငွေအကုန်ပေး၊ မပေးရင် သတ်ပစ်မယ်" ဟု ပြောပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ဓားထောက်ခြိမ်းခြောက်ကာ ငွေရှစ်သောင်း တောင်းယူသွားခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

အလားတူ မေ ၁၃ ရက်၊ မွန်းလွဲ ၃ နာရီခန့်က သာကေတမြို့နယ်၊ အ၀ိုင်းထိပ်ရှိ ဂက်စ်ဆိုင်တွင် ဂက်စ်ဖြည့်ရန် တန်းစီစောင့်ဆိုင်းနေသည့် အမှတ် ၅၇ ခရီးသည်တင်ယာဉ် တစ်စီးပေါ်သို့ စိုးကြီး(ခ) စိုးမင်းငြိမ်း အပါအ၀င်နှစ်ဦးက တက်ပြီး ယာဉ်နောက်လိုက်ကို ဓားထောက်ကာ ၎င်းထံမှ ငွေကျပ် ၉၈,၀၀၀ ခြိမ်းခြောက် ရယူသွားခဲ့သေးသည်။

သာကေတနယ်မြေ ရဲစခန်းက ရဲအရာရှိတစ်ဦးက “ယာဉ်နောက်လိုက်နဲ့ ယာဉ်မောင်းတွေက မနေ့ကမှ လာတိုင်လို့ အမှုဖွင့်ပြီး ခေါင်းဆောင်စိုးကြီးကို သန်လျင်မှာ ဖမ်းမိခဲ့ပါတယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ လိုက်လံဖမ်းဆီးနေတုန်းပါပဲ” ဟု ဇွန် ၄ ရက်တွင် ပြောသည်။

အဆိုပါ ဖြစ်စဉ်များကို သာကေတနယ်မြေ ရဲစခန်းက (ပ) ၄၃၀/၂၀၁၅၊ (ပ) ၄၃၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ပြီး ကျန်ရှိနေသည့် သန်လျင်မြို့နယ်တွင် နေထိုင်သည့် အာကာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်နေ ကျန်ကျောင်းတို့ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

No comments: