မင်းမင်း
သမိုင်းမှတ်တမ်းများအရ လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀၀ကျော်ကတည်းက တည်ရှိခဲ့သည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော ရွှေတိဂုံစေတီအား ထိန်းသိမ်းကာကွယ်ရေး ဥပဒေ တစ်ရပ်ရေးဆွဲရန် ဇွန်လ ၁၁ရက်တွင် ရန်ကုန်တိုင်းလွှတ်တော်က ပယ်ချလိုက်သည်။
ရွှေတိဂုံစေတီအား ဘာသာရေးဆိုင်ရာ ပြယုင်္ဂတစ်ခုအတွက်သာမဟုတ်ဘဲ မြန်မာတစ်မျိုးသားလုံး၏ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ရန်ကုန်တိုင်းအစိုးရအနေဖြင့် ဥပဒေတစ်ရပ်ပြဌာန်းပြီး ထိန်းသိမ်းရန် အတိုက်အခံအမတ် ဒေါက်တာညိုညိုသင်း၏ အရေးဆိုမှုကို အစိုးရအဖွဲ့အပြင် အမတ်အများစုက ကန့်ကွက်ပြီး ပယ်ချလိုက်ခြင်းဖြစ်သည်။
"မလုပ်ချင်လို့ ကန့်ကွက်ကြတာပေါ့။ သူတို့ လုပ်ချင်တဲ့ စီမံကိန်းတွေ အများကြီးကိုတောင် လွှတ်တော်မှာ တင်ခဲ့သေးတာပဲ။ ရွှေတိဂုံကိုကာကွယ်တဲ့ ဥပဒေတစ်ရပ် ရေးဆွဲဖို့က မခက်ခဲလှပါဘူး" ဟု ဥပဒေပညာရှင်တစ်ဦးလည်းဖြစ်သူ အဆိုရှင် ဒေါက်တာညိုညိုသင်းက ပြောသည်။
အဆိုရှင်၏ ရည်ရွယ်ချက်မှာ ရွှေတိဂုံစေတီသည် ထိန်းသိမ်းကာကွယ်ရန် အရေးတကြီး လိုအပ်နေကြောင်း၊ စေတီအနီးတ၀ှိုက်ရှိ စီမံကိန်းများအား စနစ်တကျထိန်းကွပ်မှုမရှိပါက စေတီရေရှည်တည်တံ့ဖို့ စိုးရိမ်ရကြောင်း၊ စေတီတော်တည်ရှိသည့် ကုန်းမြေ၏ ခိုင်ခံ့မှုအခြေအနေနှင့် စေတီအနီးတ၀ိုက်ရှိ ရေဝေ၊ ရေလဲ၊ ရေစီးရေလာစနစ်များ၊ စေတီဝန်းကျင်ရှိ မြေအောက်ရေသုံးစွဲမှုစနစ်၊ ယင်းပတ်ဝန်းကျင်ရှိ ရေဆိုးနှင့် မိလ္လာစနစ်တို့ကို စနစ်တကျသုတေသနပြု လေ့လာဆန်းစစ်ရန်အတွက် ဥပဒေတစ်ရပ်ရန်လိုသည်ဟု ဆိုသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းကမူ ရွှေတိဂုံစေတီသည် ပြည်ထောင်စုအစိုးရကသာ စီမံခန့်ခွဲသော စေတီဖြစ်သည်ဟုဆိုကာ "အဆိုရှင်တင်ပြသည့် ဥပဒေပြုကိစ္စရပ်သည်လည်းကောင်း၊ စီမံခန့်ခွဲမှုကိစ္စရပ်သည်လည်းကောင်း၊ ပြည်ထောင်စုတွင်သာ ရှိနေပါသည်" ဟု ကန့်ကွက်ဆွေးနွေးခဲ့သည်။
ကန့်ကွက်ဆွေးနွေးခဲ့သည့် ဒေါက်တာမြင့်သိန်းအနေဖြင့် အစိုးရ၀န်ကြီးအနေဖြင့်မဟုတ်ဘဲ သုံးခွမြို့နယ်မှ ရွေးကောက်ခံအမတ်တစ်ဦးအဖြစ် သူ့ကိုယ်သူမိတ်ဆက်ပြီး ဆွေးနွေးသွားသည်ကို တွေ့ရသည်။
ရွှေတိဂုံစေတီသည် အရံစေတီအဆူပါင်း ၁၉၀၊ တန်ဆောင်းတန်း ၈၂ခုရှိပြီး တစ်လျှင် ပျမ်းမျှအားဖြင့် နိုင်ငံခြားသားခရီးသွား ဧည့်သည်ပေါင်း သုံးသောင်းကျော် လာရောက်နေသည့် သက်တမ်း ၂၆၀၀ကျော် စေတီတစ်ဆူဖြစ်သည်။
No comments:
Post a Comment