ဟိန်းကိုစိုး
ရှမ်းပြည်နယ်၊ မိုင်းတုံနှင့် ပုံပါကျင်အကြားရှိ နန့်ဆိန် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်ခုတ်ယူမှုကို ဖမ်းဆီးရာမှ "ဝ" နှင့် တပ်မတော်တို့အကြား နားလည်မှု လွဲခြင်းကို "ဝ"နှင့် တြိဂံတိုင်း တိုင်းမှူးတို့က ညှိနှိုင်းနေသည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ဇွန်လ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။
"သစ်တွေလုပ်နေလို့ လုပ်တဲ့သူတွေကို ဖမ်းတာ ထုံးစံအတိုင်း သစ်တောရဲရယ် ရဲတပ်ဖွဲ့ရယ်နဲ့၊ အဲဒီလိုဖမ်းပြီး သစ်တွေ သွားသိမ်းချိန်မှာ "ဝ" ဘက်က လမ်းပိတ်တဲ့ ပုံစံမျိုးလုပ်တယ်။ တိုက်ပွဲတွေ ဘာတွေ ဖြစ်တာ မရှိပါဘူး။ အခုတော့ တပ်ပိုင်းဆိုင်ရာ အချင်းချင်း ဖြေရှင်းဖို့ တိုင်းမှူးဆီကို တင်ပြ ထားတယ်" ဟု ၎င်းက ဆိုသည်။
မေလ ၃ ရက်တွင် မိုင်းတုံမြို့နယ်အတွင်း တရားမဝင် သစ်ခိုးထုတ်သဖြင့် ပြည်နယ်အစိုးရ အဖွဲ့မှ သစ်တောရဲ၊ ရဲတပ်ဖွဲ့တို့နှင့် သွားရောက် ဖမ်းဆီးခြင်းဖြစ်ပြီး တရားမဝင် ခုတ်ယူထားသည့် သစ်မျိုးစုံတန်ချိန် ၂၂၅ တန်ကို သယ်ယူရန် ကားများဖြင့် သွားရောက်ရာတွင် "ဝ" တပ်ဖွဲ့နှင့် သိမ်းဆည်းရေးအဖွဲ့ တို့အကြား အငြင်းပွားစရာများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
"ဖမ်းမိတဲ့သူတွေ အရေအတွက်ကို မသိရသေးဘူး၊ ဘယ်သူတွေလဲ ဆိုတာကိုကောပဲ၊ ကျွန်တော်တို့ကတော့ အုပ်ချုပ်ရေး တရားဥပဒေ စိုးမိုးရေးပဲ ဆိုတော့ ကျန်တာကိုတော့ တပ်က ဆက်ပြီး ညှိနေပါတယ်" ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ဆိုသည်။
ဇွန်လ ၃ ရက်တွင် နန့်ဆိန် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်များခုတ်လှဲနေမှုကို သစ်တောရဲနှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးပြီး နောက်တစ်နေ့ သစ်များကို လာရောက်သိမ်းဆည်းရာ "ဝ"တပ်ဖွဲ့နှင့် တပ်မတော် ခမရ ၅၁၉ လှုပ်ရှားတပ်ရင်းတို့ အချင်းချင်း တွေ့ဆုံကာ တင်းမာခဲ့ခြင်းဖြစ်သည်။ မိုင်းတုံနှင့် ပုံပါကျင်လမ်းတစ်လျှောက်တွင် "ဝ" တပ်ဖွဲ့တို့က သွားလာလှုပ်ရှားနေ သည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ်လွှတ်တော် မိုင်းတုံ မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ် စိုင်းဝင်းမြတ်ဦးက မဇ္ဈိမကို ပြောသည်။
"ဖြစ်တာက မိုင်းတုံနဲ့ ပုံပါကျင် အလယ်တည့်တည့်လမ်းမနဲ့ ၅ မိုင်လောက်ကွာတဲ့ သစ်တော ထဲမှာ ၃ ရက်နေ့က ၊ မနေ့ကတော့ "၀" တပ်တွေနဲ့ တပ်နဲ့ ထိပ်တိုက်တွေ့နေ တာ၊ ဒီနေ့တော့ ပုံပါကျင် နဲ့ မိုင်းတုံလမ်းမှာ ဘာမှ မရှိတော့ဘူးလို့ ဖြတ်လာတဲ့သူတွေ၊ ကားတွေဆီက သိရတယ်" ဟု ၎င်းက ဆိုသည်။
"ဝ"တပ်ဖွဲ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို မေးမြန်းရန် မဇ္ဈိမသတင်းဌာနက ပြောရေးဆိုခွင့် ရှိသူများဖြစ်သည့်ဦးအောင်မြင့်နှင့် ဦးစံခွန်တို့ကို ဆက်သွယ်မေးမြန်းရာ ဆက်သွယ် ၍ မရခဲ့ပေ။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွင် UWSA "ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်သည် အင်အား အကြီးဆုံးနှင့် လက်နက်စက်ရုံများပင် တည်ရှိသည့် လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး မေလအတွင်းကပင် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ၎င်းတို့၏ ဌာနချုပ် ပန်ဆန်းတွင် ကျင်းပခဲ့သည်။
ပန်ဆန်းဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း၊ ပြည်တွင်း နိုင်ငံရေး အခြေအနေ၊ ရွေးကောက်ပွဲ ကျင်းပမည့် အခြေအနေတို့ကို "ဝ" အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့တို့နှင့် ဆွေးနွေးခဲ့ကြပြီး NCA ကိုလည်း သီးသန့် လက်မှတ်ရေးထိုးရန် "ဝ"က ဆန္ဒရှိနေကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။
No comments:
Post a Comment