Friday, June 12, 2015

ဒေါ်စု ရှီကျင်ပင်နဲ့တွေ့ လူ့အခွင့်ရေးကိစ္စ မပြော

ABC

အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတ ​ရှီကျင်ပင်က ​တရုတ်ပြည်သူ့ ​ခန်းမကြီးမှာ ​မနေ့က ​လက်ခံ ​တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို ​တွေ့ဆုံမှုအတွင်း ​တရုတ်သမ္မတက ​မြန်မာနဲ့ ​တရုတ်အကြား ​၆၅ ​နှစ်ကြာ ​သံတမန်ဆက်ဆံရေး ​ကောင်းမွန်ပြီး ​ဆွေမျိုးသဖွယ် ​ရှိခဲ့တဲ့အကြောင်း၊ ​မြန်မာရဲ့ ​အချုပ်အခြာ ​အာဏာကို ​အသိအမှတ်ပြုပြီး ​အမျိုးသား ​ပြန်လည် ​ရင်ကြားစေ့ရေး ​လုပ်ငန်းတွေကိုလည်း ​ထောက်ခံကြောင်း ​ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​အပြောင်းအလဲတွေ ​ဖြစ်လာပေမယ့် ​ဆက်ဆံရေးကို ​မပြောင်းလိုတဲ့အကြောင်း၊ ​NLD ​ပါတီနဲ့ ​ဆက်ဆံရေးလည်း ​ပိုတိုးတက်လာတဲ့အတွက် ​တရုတ်ကွန်မြူနစ် ​ပါတီအပေါ် ​ဒေါ်အောင်ဆန်းစုကြည် ​ပိုမို ​နားလည် ​ယုံကြည်မယ်လို့ ​မျှော်လင့်ကြောင်း ​ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ​အိမ်နီးချင်းဆိုတာ ​ရွေးချယ်လို့မရပဲ ​အိမ်နီးချင်းတွေနဲ့ ​ချစ်ကြည်ရေး ​တည်ဆောက်တာကို ​အလေးထားတဲ့အကြောင်း၊ ​တရုတ်ကွန်မြူနစ် ​ပါတီရဲ့ ​လုပ်ဆောင်ချက်ကြောင့် ​တရုတ်နိုင်ငံမှာ ​ကြီးမားတဲ့ ​အောင်မြင်မှု ​ဖြစ်တဲ့အပေါ် ​လေးစားကြောင်းးနဲ့ ​နှစ်နိုင်ငံ ​ပြည်သူနဲ့ ​ပါတီနှစ်ခုအကြား ​ဆက်ဆံရေး ​ရှိလာအောင် ​တွန်းအားပေးမယ်လို့ ​တုန့်ပြန်ခဲ့တယ်လို့ ​ရှင်ဟွာ ​သတင်းမှာ ​ပါရှိပါတယ်။

တရုတ်သမ္မတနဲ့ ​တွေ့ဆုံစဉ်အတွင်း ​နိုဘယ်လ်ငြိမ်းချမ်းရေး ​ဆုရှင် ​လျှူရှင်ဘောင် ​လွတ်မြောက်ရေးကို ​ဒေါ်အောင်ဆန်းစုကြည် ​ပြောလိမ့်မယ်လို့ ​မျှော်လင့်ခဲ့ကြပေမယ့် ​တရုတ်နိုင်ငံ ​လူ့အခွင့်အရေးအကြောင်း ​မပြောခဲ့ကြဘူးလို့လည်း ​သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ​တရုတ်နိုင်ငံခြားရေး ​ဌာနက ​မဖိတ်ခေါ်ချင်ပေမယ့် ​တရုတ် ​သမ္မတက ​ကွန်မြူနစ် ​ပါတီခေါင်းဆောင်အနေနဲ့ ​ဖိတ်ခေါ်ပြီး ​NLD ​နဲ့ ​ကွန်မြူနစ် ​ပါတီအကြား ​ဆက်ဆံရေး ​တိုးတက်အောင် ​လုပ်ဆောင်တာ ​ဖြစ်တယ်လို့လည်း ​ကောလဟာလ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် ​ရွေးကောက်ပွဲမှာ ​NLD ​ပါတီ ​အနိုင်ရနိုင်တာကြောင့် ​မြန်မာနိုင်ငံရေးမှာ ​အရေးပါမယ့် ​ပါတီကို ​တရုတ်က ​ကြိုတင် ​ချည်းကပ်တာ ​ဖြစ်မယ်လို့လည်း ​သုံးသပ်ကြပါတယ်။

No comments: