Tuesday, June 16, 2015

ကိုးကန့်တွင် တိုက်ပွဲများ ပြန်ဖြစ်

နန်းဆိုင်နွမ်

အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် MNDAA ကိုးကန့်အဖွဲ့က ငြိမ်းချမ်းရေး ထပ်မံ ကမ်းလှမ်းနိုင်ရန် ရည်ရွယ်ပြီး ဇွန် ၁၀ ရက်တွင် တဖက်သတ် စစ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း ဇွန် ၁၂ ရက်တွင် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက “တိုက်ပွဲက ၁၂၊ ၁၃ ရက်က ဖြစ်တာပါ။ ကျနော်တို့ အပစ်အခတ် ရပ်စဲတယ်ဆိုတာ ကြေညာပြီးပြီပဲ။ ကျနော်တို့က တိုင်းရင်းသားပဲဟာ၊ ကျနော်တို့ဘက်က ရပ်ဆိုင်းဖို့ ကြေညာပြီးသားကို အစိုးရဘက်က တုန့်ပြန်မှု ရှိမလားဆိုတာ ကျနော်တို့လည်း မျှော်လင့်တယ်ပေါ့ဗျာ။ ဒါပေမယ့် တိုက်ပွဲနဲ့ ပြန်တုံ့ပြန်တယ် ဆိုတော့ ကျနော်တို့ စိတ်မကောင်းဘူး” ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲသည် ဇွန် ၁၂ ရက်က အစိုးရ စစ်တပ်ဘက် စတင် ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲသည် လောက်ကိုင်မြို့ မြောက်ဘက် တရုတ်နယ်စပ်တွင် ဖြစ်ပွားခဲ့ပြီး အစိုးရ စစ်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲနှင့် ပတ်သက်ပြီး အစိုးရ အဖွဲ့၏ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က “တိုက်ပွဲဖြစ်တာ၊ မဖြစ်တာက ကျနော်တို့ တပ်မတော် အဖွဲ့ကနေ ဘာမှ မသိရသေးပါဘူး။ ကြေညာချက် ထုတ်ရုံနဲ့ မရဘူးလေ။ မြေပြင်မှာရှိတဲ့ သူတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှုကလည်း ရှိသေးတယ်လေ။ အဲဒါကြောင့် ကျနော်တို့က အလုပ်နဲ့ ညီမညီဆိုတာ စောင့်ကြည့်ဦးမယ်လို့ ပြောတာပေါ့။ ဒါပေမယ့် တကယ်ဖြစ်တယ်ဆိုတဲ့ အသေးစိတ် အခြေအနေကို တပ်မတော်က ထုတ်ပြန်မှ ခင်းဗျာတို့ကို အသိပေးပါမယ်” ဟု ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်မေးမှုကို ဖြေဆိုသည်။

အဆိုပါ တိုက်ပွဲတွင် MNDAA ဘက်မှ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံဘက် နယ်စပ်တလျှောက် တည်ငြိမ်ရန်၊ ငြိမ်းချမ်းရန် အမြဲတမ်း ပြောဆိုနေကြောင်း၊ လက်ရှိအချိန်ထိ တရုတ်ဘက်သို့ ရောက်ရှိနေသော ပြည်သူများ လောက်ကိုင်မြို့ပေါ်သို့ မပြန်နိုင်သေးကြောင်း ဦးထွန်းမြတ်လင်းက ပြောသည်။

MNDAA က အစိုးရထံသို့ ငြိမ်ချမ်းရေး ကမ်းလှမ်းမှုကို ထပ်မံပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆက်ပြောသည်။ အလားတူ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက MNDAA အပါအ၀င် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က ငြိမ်းချမ်းရေး ဆွေးနွေးရန် ထပ်မံကမ်းလှမ်း လာပါက အစိုးရဘက်က ဆွေးနွေးသွားမည်ဟု မေလ ၉ ရက် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

တရုတ်-မြန်မာနယ်စပ် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် အစိုးရ တပ်မတော်နှင့် MNDAA တို့ အကြား ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကိုးကန့်တိုက်ပွဲများကြောင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင်းမှ ဒေသခံ ၂၀၀၀ ကျော်သည် ရှမ်းပြည်နယ် အတွင်းရှိ ဒုက္ခသည် စခန်းများ၌ ခိုလှုံနေရပြီး ဒုက္ခသည် တချို့သည် တရုတ်နယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရသည်ဟု သိရသည်။

မေလ ၁၀ ရက်က ထုတ်ပြန်ခဲ့သော MNDAA ၏ ထုတ်ပြန်ချက်တွင် ပြည်တွင်း၌ ကျင်းပတော့မည့် အထွေထွေ ရွေးကောက်ပွဲကို အနှောင့်အယှက် မဖြစ်စေလိုခြင်းနှင့် တရုတ်နိုင်ငံဘက်က တရုတ်- မြန်မာ နယ်စပ်ဒေသ တလျှောက်တွင် တည်ငြိမ်အေးချမ်းရေး တောင်းဆိုမှုတို့ကြောင့် တဖက်သတ် စစ်ရပ်စဲရန် MNDAA စစ်ရေး ကော်မတီက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

No comments: