Monday, June 15, 2015

မောင်တောတွင် ပစ်ခတ်မှု ဖြစ်ပွား၍ နှစ်ဦး ဒဏ်ရာရ

နိရဉ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ယမန်နေ့ညက ပစ်ခတ်မှု ဖြစ်ပွား၍ အမျိုးသမီးငယ် တစ်ဦးအပါအ၀င် လူနှစ်ဦး ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သတင်း ရရှိသည်။

“ ဖြစ်တာက ဇွန်လ ၇ ရက် မနေ့ည ၉ နာရီခန့်မှာပါ။ အူစမန်ဆိုတဲ့ ဘင်္ဂလီအမျိုးသားမှာလည်ပင်းမှာ ဒဏ်ရာ ရရှိပြီး ယာဆမင်ဘေဂင်မှာ တင်ပါးမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ နှစ်ဦးစလုံးကို အခု မောင်တောဆေးရုံမှာ တင်ထားရပါတယ်” ဟု မောင်တောမြို့နယ် ရဲမှူးက နိရဉ္စရာသို့ ပြောဆိုသည်။

ယမန်နေ့ ည ၉ နာရီခန့်က အူစမန်ဆိုသူသည် မော်တော်ဆိုင်ကယ် စီးနှင်းလာစဉ် အမည်မသိ လူ သုံးဦးမှ သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်သံကြောင့် အနီးအနားရှိ ကျေးရွာသားများ ၀ိုင်းအုံလိုက်လာစဉ် နောက် ထပ် နှစ်ကြိမ် ပစ်ခတ်သဖြင့် အနီးအနားတွင် ရှိနေသော ယာဆမင်ဘေဂင် ၏ တင်ပါးတွင် ကျည်ဆံထိပြီး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း မြို့နယ်မှူးက ဆက်လက် ပြောဆိုသည်။

“ ဖြစ်တာက အခုလက်ရှိ အခေါ် မြို့မအနောက်ရပ်ကွက်လို့ ခေါ်တဲ့ ဖေဇီရွာရဲ့ လမ်းမပေါ် ဖြစ်တာပါ။ သူတို့အချင်းချင်း စီးပွားရေး အရ ဖြစ်တယ်လို့ ယူဆရတယ်။ ဒါပေမယ့် စုံစမ်းဆဲ ဖြစ်တဲ့ အတွက် တိတိကျကျတော့ မပြောနိုင်သေးဘူး” ဟု မြို့နယ်မှူးက ဆက်လက် ပြောဆိုသည်။

ကျည်ဆံ ထိမှန်အူစမန်သော အူစမန်မှာ ဒဏ်ရာပြင်းထန်ပြီး၊ ရရှိသော ဒဏ်ရာအနီးတ၀ှိုက်တွင် အသားများ ပွလန်နေသဖြင့် ခဲသီးများပါသော ယမ်းထောင်း( လုပ်သေနတ်)ဖြင့်ပစ်ခတ်ပုံရသည်ဟု ဆေးရုံ အသိုင်းအ၀ိုင်းမှ ပြောကြားသည်။

“ ဒီကနေ့တော့ သူတို့ကို Operation လုပ်မယ်။ ဒါဆိုရင် ဘယ်သေနတ်နဲ့ ပစ်တယ်ဆိုတာကို သိရမယ်။ ပစ်ခတ်တဲ့ လူတွေကိုတော့ မဖမ်းမိသေးဘူး။ စုံစမ်းနေဆဲ ဖြစ်ပါတယ်” ဟု မြို့နယ်မှူးက ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ်မှ မောင်တောမြို့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် ကပ်ရပ်တည်ရှိပြီး မှောင်ခို ဒုစရိုက် လုပ်ငန်းများလည်း ထူပြောသော်လည်း ယခုလို ပစ်ခတ်လုပ်ကြံမှု ဖြစ်စဉ်မှာ အလွန်ရှားပါးသည်ဟု သိရသည်။

No comments: