Tuesday, June 9, 2015

ပည်ထောင်စုဝန်ကြီးများ ပြည်နယ်ရွေးကောက်ပွဲ ဝင်ပြိုင်ပါက အောက်ခြေပြည်သူများနှင့် တွေ့ဆုံရန်လို

မူအက်စတာ၊ ဖြိုးဝေအောင်

၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုဝန်ကြီး(၃)ဦးမှ ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိစ္စနှင့် ပတ်သက်၍ ကယားပြည်နယ် အောက်ခြေပြည် သူများနှင့် တွေ့ဆုံရန်လို သည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ဇွန်လ ၄ ရက်နေ့တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယှဉ်ပြိုင်တဲ့လူတွေ ဘယ်သူပဲလာလာ ကျနော်တို့ပြည်သူတွေနဲ့ ပေးတွေ့တယ်။ ပြည်သူရဲ့ ပထမ စစ်တမ်းကို ကျနော်တို့ယူတယ်။ ပြည်သူတွေလက်ခံလား။ လက်ခံရင် သဘောပဲလေး။ လက်မခံဘူးလက်မခံရင် ပြန်ပေါ့။ ကျတော်ကတော့ ရိုးရိုးပဲ။ ပြည်သူပေါ်ပဲတည်တယ် ̋ ဟု ပြောသည်။

ပည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်းသည် (ရှားတောမြို့နယ်)၊ ဦးစိုးသိန်း (ဘောလခဲမြို့နယ်)နှင့် ဦးဝင်းမြင့်(ဖားဆောင်းမြို့နယ်) စသည့်မြို့နယ်အသီးသီးတွင် လာပြီး အရွေးခံမည်ဟု နိုင်ငံရေးပါ တီများက ပြောဆိုနေကြသည်။

ပြည်ထောင်စုဝန်ကြီးများ ကယားပြည်နယ်ရှိ ဒေသအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း ကယားလူမျိုးစု ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး စိုင်းနိုင်နိုင်ထွေးက ပြောပါသည်။

စိုင်းနိုင်နိုင်ထွေးက ̏ အဲဒါကိုကျနော်တို့ကဒေသတွင်း ပြန်လည်စဉ်းစားရတာက ဒေသတွင်းနိုင်ငံရေးနိုးကြားရေးနှင့် နိုင်ငံရေး အခွင့်အရေးကို ချိုးနှိမ်ရာရောက်သဖြင့် ဒီအခွင့်အရေးများ လာရောက်ယူခြင်းဆိုတာမျိုးကိုတော့ ကျနော်လုံးဝကန့်ကွက်တယ် ̋ ဟု ပြောသည်။

ထို့အပြင် လက်ရှိမြန်မာနိုင်ငံတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နေသည်ဟုပြော သောကြောင့် တိုင်းရင်းသားဒေသတွင်းတွင်ရှိနေသော တိုင်းရင်းသားပါတီများကို လေးစားသင့်ကြောင်း၊ တိုင်းရင်းသား အခွင့်အရေးများကိုလည်း လေးစားသင့်ကြောင်း ဦးစိုင်းနိုင်နိုင်ထွေးက ဆက်ပြောသည်။

ကိုယ်စားလှယ်လောင်းများအနေနှင့် ၄င်းတို့ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် မဲဆန္ဒနယ်တွင် မယှဉ်ပြိုင်မှီ ပြည်သူလူထုနှင့် တွေ့ဆုံရန် လိုအပ်ကြောင်း ပြည်သူများက လက်ခံလျှင်ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားဖြစ်သည့်အတွက် နေရာတိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အခွင့်အရေးရှိသည်ဟု ဆိုသော်လည်း ပြည်ထောင်စုအဆင့်သည် ပြည်နယ်တွင် မရှိသင့်ကြောင်းကို ပြည်သူများက သိထားနားလည် ထားရန် လိုအပ်သည်ဟု လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) ဥက္ကဌ ဦးဖိုးရယ်က ပြောသည်။

“ဒါတွေကိုဘဲ ဒေသခံတွေကို ရှင်းပြပြောပြရတာပေါ့။ ပြည်ထောင်စုအဆင့်တွေကတော့ ကိုယ်ပြည်နယ်မှာ မရှိုးသင့်ဘူး လို့တော့ထင်တာပေါ့။ ကိုယ်ပြည်နယ်မှာဆို ကိုယ့်ပြည်နယ်သူ ပြည်နယ်သားဖြစ်သင့်တယ်လို့ ရှင်းပြရတာပေါ့” ဟု ဦးဖိုးရယ်က ပြောသည်။

ကယားပြည်နယ်တွင်း ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုမည့်သူများကို ဝန်ကြီးချုပ်ကိုယ်တိုင် လိုအပ်သည့်မြို့နယ်များတွင် ကိုယ်စားလှယ်လောင်းများ မဲပေးရွေးခြယ်ကာ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

No comments: