Thursday, June 11, 2015

ဧဒင်ဦးချစ်ခိုင်ပိုင် မြန်မာ့ရှေ့ဆောင်ဘဏ်က ဓနုဖြူမြို့နယ်တောင်သူများကို ပြည်တွင်းဘဏ်များအနက် ပထမဆုံး ငွေချေးပေး

အောင်သူရ

မြန်မာနိုင်ငံ စီးပွားရေးလောကထဲတွင် လူသိများသည့် ဧဒင်ကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင်ပိုင်ဆိုင်သော မြန်မာ့ရှေ့ဆောင်ဘဏ်က ဓနုဖြူမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအတွက် နှစ်လတ်ချေးငွေကို ဇွန်လ ၆ရက်က ပထမဆုံးအကြိမ် ထုတ်ချေးပေးလိုက်သည်။

ကျပ်ငွေသိန်းပေါင်း ၆၀၀၀ နီးပါးလောက်ကို တောင်သူလယ်သမား ၂၇၀ ကျော်အတွက် ချေးငွေပေးတာဖြစ်ပြီး စက်မှုလယ်ယာဖြင့် ထွန်ယက်စိုက်ပျိုးသော မြေအတွက် စိုက်ပျိုးမြေတစ်ဧကကို စက်ပစ္စည်းအသုံးပြုခကိုပါ ထည့်တွက်ပြီး ငွေကျပ်လေးသိန်း ရရှိမည်ဖြစ်သည်။ ထို့အတူ မိရိုးဖလာစိုက်ပျိုးမြေအတွက် တစ်ဧကကို ငွေကျပ် သုံးသိန်းရရှိမည်ဖြစ်သည်။

“မြန်မာ့ရှေ့ဆောင်ဘဏ်ကလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌကြီးပိုင်တဲ့ ဘဏ်လည်းဖြစ်တဲ့အတွက် ဥက္ကဋ္ဌကြီးက သူ့ဘဏ်ကနေစပြီး လုပ်ခြင်းအားဖြင့် ကျန်တဲ့ဘဏ်တွေပါ လိုက်ပြီးလုပ်မယ်ဆိုရင် တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးစားရိတ်ချေးငွေနဲ့ တစ်ဘက်ကလည်း အခြေခံအဆောက်အဦးတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ကာလလတ်ချေးငွေတွေက လယ်ယာမြေတွေမှာ ပိုမိုကောင်းမွန်တဲ့ အစီအမံတွေဖြစ်လာမှာပါ” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အတွင်းရေး မှူးဖြစ်သူ ဦးရဲမင်းအောင်က ချေးငွေထောက်ပံ့ခြင်းနှင့် ပတ်သတ်ပြီး မဇ္ဈိမကို ပြောသည်။

အဆိုပါချေးငွေကို နှစ်လတ်ချေးငွေအဖြစ် ၃နှစ်အတွင်းတောင်သူများမှ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး ၅ရစ်ခွဲပြီး ပေးဆပ်ရမည်လည်းဖြစ်သည်။ မြန်မာရှေ့ဆောင်ဘဏ်အနေနှင့် မြန်မာနိုင်ငံ ပုဂ္ဂလိကဘဏ်များအနက် လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွင်း ပထမဆုံး ချေးငွေထုတ်ချေးခြင်းဖြစ်သည့် အပြင် ယခုထုတ်ချေးပေးလိုက်သည့် ချေးငွေများသည် စက်မှု လယ်ယာကူးပြောင်းရေးကဏ္ဍအတွက် များစွာ အထောက်အကူပြုနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အတွင်းရေးမှူးဖြစ်သူ ဦးရဲမင်းအောင်က ဖြည့်စွပ်ပြောဆိုသည်။

ဓနုဖြူမြို့နယ် အကျော်တိုက်နယ် (၂)အတွင်းရှိ လယ်သမားဦးသိန်းထွန်းက အစိုးရဆီမှရရှိသော စိုက်စားရိတ်ချေးငွေ အပြင် ယခုပထမဆုံးရရှိသော ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရမည့်အချိန်တွင် အကြွေးမတင်အောင် ပေးဆပ် နိုင်ပေမယ့် မျှော်မှန်းလို့မရသည့် ရာသီဥတုဖောက်ပြန်မှုကြောင့် ဆုံးရှုံးမှုတွေဖြစ်လာမှာကို စိုးရွှံ့မိသည်ဟု မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌတာဝန်နှင့် ဓနုဖြူအခြေပြု ဆန်စပါးကုမ္ပဏီဖြစ်သည့် ကဉ္စနကျွန်းသာကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်က အဆိုပါချေးငွေများအတွက် ကုမ္ပဏီက အရှုံးခံထုတ်ချေးပေးနေရခြင်းဖြစ်သည်ဟုလည်း ဇွန်လ ၆ရက်က ပြုလုပ်သော ဓနုဖြူမြို့နယ် တောင်သူများအား ချေးငွေထောက်ပံ့ပေးသည့် အခမ်းအနားတွင် ပြောဆိုခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင် စိုက်ပျိုးမြေဧကပေါင်း ၁၃သန်းကျော်ရှိနေပြီး ချေးငွေကဏ္ဍ၊ လယ်ယာမြေပိုင်ဆိုင်မှုကဏ္ဍများနှင့် ရာသီဥတု အကျိုးသက်ရောက်များ အပေါ်တွင် စိန်ခေါ်မှုများ လက်ရှိအချိန်အထိ ကြုံတွေ့နေရသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်အနေနှင့် နှစ်လတ်ချေးငွေစီမံကိန်းကို ဓနုဖြူမြို့နယ်အတွင်း စတင်စမ်းသပ်တာဖြစ်ပြီး ယင်းစမ်းသပ်မှုများကို နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးများလည်း ဆောင်ရွက်သွားမည့်အပြင် ထိုရလာဒ်များအပေါ် မူတည်ပြီး တစ်ခြားနေရာဒေသများတွင်ပါ ဆောင်ရွက်သွားမှာဖြစ်သည်ဟု သိရသည်။

No comments: