Wednesday, June 3, 2015

သာသနာ ညှိုးနွမ်းစေမှုဖြင့် စာရေးဆရာ ထင်လင်းဦး ထောင် ၂ နှစ် ချမှတ်ခံရ

သူဇာ

စာရေးဆရာ ထင်လင်းဦးကို စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦး မြို့နယ် တရားရုံးက သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)အရ အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ဇွန်လ ၂ ရက်က အမိန့် ချမှတ်ကြောင်း သိရသည်။

စာရေးဆရာ ထင်လင်းဦး၏ ရှေ့နေ ဦးသိန်းသန်းဦးက“ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၅(က)အရ အလုပ်နဲ့ ထောင် ၂ နှစ်ချတယ်။ လက်ဟန် ခြေဟန်နဲ့ အသရေ ဖျက်တာ မကြားကြားအောင် ပြောတာကို တရားစွဲ ထားတဲ့ ပုဒ်မ ၂၉၈ ဆိုတဲ့ အမှုကို လွှတ်ပေး လိုက်တယ်။ ပုဒ်မ တခုတည်းနဲ့ ၂ နှစ်ချလိုက်တာ အမြင့်ဆုံး ပြစ်ဒဏ်ပါပဲ”ဟု ပြောသည်။

ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်လိုက်ခြင်းအတွက် မုံရွာခရိုင် တရားရုံးသို့ အယူခံ ဆက်လက်ဝင်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြန်ကြားရေး အဖွဲ့ဝင်ဟောင်းလည်း ဖြစ်သည့် စာရေးဆရာ ထင်လင်းဦးအား ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်မှုသည် မျှတသည်ဟု အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး(မဘသ) အဖွဲ့ချုပ်၏ ရန်ကုန်တိုင်း ဦးဆောင်ဆရာတော် ဦးပါမောက္ခက ဧရာဝတီသို့ မိန့်သည်။

ဥူးပါမောက္ခက“ထင်လင်းဦး ကျူးလွန်တာတွေက ထင်ရှားခြင်းကြောင့် ပြစ်ဒဏ်ကတော့ ပေးမယ် ဆိုရင်လည်း ၃ နှစ် ထိအောင် ပေးလို့ရပါတယ်။ သို့သော်လည်းပဲ ၃ နှစ် မပေးဘဲနဲ့ ၂ နှစ်တင် ပေးတာပါ။ ဒါပေမယ့် ဘုန်းကြီးတို့ အနေနဲ့တော့ တရားရုံးဘက်က ချမှတ်တာ မျှမျှတတ ရှိတယ်လို့ မြင်ပါတယ်”ဟု မိန့်သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်က ချောင်းဦးမြို့နယ် သုံးပန်လှ ကျေးရွာတွင် NLD ပါတီက ကြီးမှူးကျင်းပသည့် စာပေ ဟော ပြော ပွဲတွင် တက်ရောက် ဟောပြောခဲ့သော ဘာသာရေးဆိုင်ရာ ဟောပြောချက်များနှင့် ပတ်သက်၍ သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၈နှင့် ပုဒ်မ ၂၉၅(က) တို့ဖြင့် စာရေးဆရာ ထင်လင်းဦးကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

မုံရွာခရိုင် ချောင်းဦးမြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိက တရားလို ပြုလုပ်၍ သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၈နှင့် ပုဒ်မ ၂၉၅(က)တို့ဖြင့် ၂၀၁၄ ဒီဇင်ဘာလ ၄ ရက်က တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး အမှုရင်ဆိုင်နေရသည့် ရုံးချိန်း အားလုံးတွင် တရားလိုဘက်မှ ချောင်းဦးမြို့နယ် သာသနာရေး အဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်မှုများ ရှိခဲ့သည်ဟု မဘသ အဖွဲ့ချုပ်၏ အကြံပေး ဥပဒေအရာရှိ တရားလွှတ်တော် ရှေ့နေ ဦးအေးပိုင်က ဧရာဝတီသို့ ပြောဆိုဖူးသည်။

No comments: